‘ချိတ်ဆက်’ နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုး

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ − ‘ချိတ်ဆက်’ Freelancing Platform နှင့် KBZPay တို့မှ KBZPay Integration  ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာလိုက်ပါသည်။ 

နားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ် ရောင်းဝယ် ဖောက်ကားမှုများ ဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ငွေကြေးပေးချေမှုစနစ်ကို ပိုမိုအသုံးပြုလာနိုင်ရန်အတွက် KBZPay ၏ လိုအပ်သော နည်းပညာဆိုင်ရာ ထောက်ပံ့မှုများကို လွယ်ကူစွာ ရရှိနိုင်ရန်နှင့် Freelance Developer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ‘ချိတ်ဆက်’တွင် မှတ်ပုံတင်ထားသော အလွတ်တန်းပညာရှင် Developer များကို KBZPay Integration နှင့် သက်ဆိုင်သော သင်တန်းများအား KBZPay ဘက်မှ မျှဝေပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် သင်တန်းများ တက်ရောက်ပြီးဆုံး၍ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့ပြုလုပ်ချက်နှင့် စစ်ဆေးချက်များ အောင်မြင်ပါက KBZPay Integration Certified Developer အဖြစ် လက်မှတ် ရရှိမည်ဖြစ်ပါသည်။ 

သင်တန်းဆင်းလက်မှတ်ရရှိပြီးသူများအား ‘ချိတ်ဆက်’ Freelancing Platform ဝက်ဘ်ဆိုက်တွင် ထင်ရှားသော အမှတ်အသား ပြုလုပ်ပေးထားပြီး Certificate ကို ပြသနိုင်ထားနိုင်သောကြောင့် လုပ်ငန်းရှင်များ လာရောက် ရှာဖွေသည့်အခါ အလွယ်တကူ တွေ့မြင်နိုင်ရန် ကူညီပေးနိုင်ပါသည်။

‘ချိတ်ဆက်’ Freelancing Platform ၏ Chief Executive Officer ဒေါ်ဟန်နီမြဝင်း ပြောကြားသည်မှာ − “ကျွန်မတို့ ‘ချိတ်ဆက်’ အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် တစ်ခုဖြစ်တဲ့ KBZPay နဲ့ လက်တွဲပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှာ ပိုမိုကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာလည်း အွန်လိုင်းငွေပေးချေမှု နည်းလမ်းတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ပိုမိုအသုံးပြုလာတာကြောင့် အလွတ်တန်းပညာရှင် developer များကိုလည်း KBZPay နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Payment Integration နည်းပညာတွေကို ယခုပူးပေါင်းဆောင်ရွက်မှုကနေ မျှဝေပေးသွားမှာပါ။” 

KBZPay ၏ Head of Product and Service Development ဦးဇေယျာဝေဖြိုး ပြောကြားသည်မှာ − “မြန်မာနိုင်ငံမှာ e-commerce တိုးတက်လာတာနဲ့အမျှ KBZPay လိုမျိုး လုံခြုံစိတ်ချရပြီး မိုဘိုင်းဖုန်းနဲ့တင် အသုံးပြုနိုင်တဲ့ မိုဘိုင်းပိုက်ဆံအိတ် mobile wallet တွေရဲ့ အရေးပါမှုဟာလဲ အလွန်ပဲ မြင့်တက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အခုလို global pandemic ကာလမှာ မရှိမဖြစ်လို့ ပြောရလောက်အောင် အရေးပါလာတာ တွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းအတွက် လိုအပ်လာတဲ့ KBZPay payment တွေကို ရေးပေးနိုင်တဲ့ စိတ်ချယုံကြည်ရတဲ့ နည်းပညာရှင်တွေ ချိတ်ဆက် လုပ်ဆောင်နိုင်လာအောင် ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ KBZPay အနေနဲ့ developer တွေကို KBZPay payment နည်းပညာပလက်ဖောင်းအတွက် လိုအပ်တဲ့ နည်းပညာတွေကို ‘ချိတ်ဆက်’နဲ့ ပူးပေါင်းပြီး မျှဝေပေးနိုင်တဲ့အတွက်လည်း များစွာဂုဏ်ယူမိပါတယ်။”