မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက်သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

နေ့စဉ် ထောင်ပေါင်းများစွာသော ပြည်သူများကို မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်ပေးလျက်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် (၆) လခန့် အချိန်တိုအတွင်း အသုံးပြုသူ အရေအတွက် တစ်သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အင်အား (၁၈,၀၀၀) ရှိ ကမ္ဘောဇဘဏ် အဖွဲ့သားများက နေ့စဉ် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ရယူအသုံးမပြုနိုင်သေးသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ပထမဦးဆုံး အကြိမ်အဖြစ် စတင် လက်လှမ်းမီလာနိုင်စေရန် ကူညီပေးခဲ့ပါသည်။

ငွေသားကိုသာ အဓိကထားသုံးစွဲနေကြသည့် မြန်မာ့လူ့အဖွဲ့အစည်းတွင် တွေ့ကြုံလာသော စိန်ခေါ်မှုများကို ရင်ဆိုင်ကာ ဘဏ်အကောင့်မရှိသေးသည့် သန်းပေါင်းများစွာသော ပြည်သူများကို ဘဏ်ဝန်ဆောင်မှုများ ပိုမို ချိတ်ဆက်ရယူပေးရန်အတွက် ဘဏ်ခွဲအပြင်ဘက်အထိ သွားရောက်ထိတွေ့ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ကမ္ဘောဇဘဏ်၏ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်ဝန်ထမ်းများ အနေဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့နယ်တစ်ခုချင်းစီမှ လူနေရပ်ကွက်များ၊ လူစည်ကားသည့် နေရာဒေသများ အထိ သွားရောက်ခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် အသုံးပြုသူများနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်တွေ့ဆုံကာ ၎င်းတို့၏ မိုဘိုင်းဖုန်းများဖြင့် အကောင့်ဖွင့်လှစ်ပေးခြင်း၊ အသုံးပြုသူ၏ ကိုယ်ပိုင်အထောက်အထားကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ရယူ၍ KYC အတည်ပြုပေးခြင်းတို့ကို နာရီပေါင်း (၃၂၅,၀၀၀) ကြာ ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ဈေးဆိုင်ပိုင်ရှင်ပေါင်း (၃၉,၀၀၀) ကျော်ကိုလည်း KBZPay အသုံးပြု၍ ငွေလက်ခံ နိုင်ရန် ကမ္ဘောဇဘဏ် အဖွဲ့သားများက ချိတ်ဆက်ပေးခဲ့သည်။

နိုင်ငံအတွင်း မိုဘိုင်းဦးစားပေး လူဦးရေ တိုးတက်လာသည်နှင့်အညီ နောင်လာမည့် ဆယ်နှစ်တာ ကာလအတွင်း KBZPay အသုံးပြုသူ သန်း (၃၀) အထိ ရှိလာစေရန် ကမ္ဘောဇဘဏ်မှ မျှော်မှန်းဦးတည်ထားပါသည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mike DeNoma က “KBZPay ကိုအသုံးပြုပြီး စနစ်ကျတဲ့ စီးပွားရေး လုပ်ငန်းပုံစံနဲ့ နေ့စဉ်သုံး ငွေကြေးဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံက ပြည်သူတွေ ပိုပြီးလက်လှမ်းမီလာကြဖို့ ကူညီ ပံ့ပိုးပေးရာမှာ ကျွန်တော်တို့ တာထွက်ကောင်းခဲ့ပါတယ်။ လူတိုင်းအသုံးပြုနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်တော်တို့ အဖွဲ့သားတွေဟာ ထူးချွန်ပြောင်မြောက်တဲ့ အင်အားတစ်ရပ်ဖြစ်သလို ရှေ့ဆောင်လမ်းပြကောင်းလည်း ဖြစ်တဲ့အတွက် သူတို့ရဲ့ အောင်မြင်မှုအတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ အောင်မြင်မှုမှတ်တိုင်ကို ရရှိဖို့ ဘဏ်ခွဲပြင်ပက လူတွေအထိ ရဲရဲဝင့်ဝင့် သွားရောက်တွေ့ဆုံပြီး KBZPay ရယူအသုံးပြုနိုင်အောင် ချိတ်ဆက်ပေးခဲ့တဲ့ ဝန်ထမ်း တစ်ဦးချင်း၊ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံမှာ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့နဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကနေတစ်ဆင့် ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးဖို့ဆိုရင် ကျန်ရှိနေသေးတဲ့ သန်းပေါင်း များစွာသော ပြည်သူတွေနဲ့ ထိတွေ့ရဦးမှာဖြစ်လို့ ဆက်လျှောက်ရမယ့် ခရီးလမ်းအတွက် ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေကြပါတယ်” ဟု ပြောသည်။

KBZPay ဆိုသည်မှာ မိုဘိုင်းဖုန်းအတွင်း အက်ပလီကေးရှင်းတစ်ခု ပုံစံဖြင့် ထည့်သွင်းထားနိုင်သော မိုဘိုင်း ပိုက်ဆံအိတ်တစ်ခု ဖြစ်ပါသည်။ KBZPay အက်ပလီကေးရှင်း အသုံးပြုသူများသည် အရေးအကြီးဆုံးသော ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများကို နေ့၊ ည အချိန်မရွေး မိမိတို့၏ လက်ဖဝါးပေါ်တွင် ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ အသုံးပြုသူများမှာ ငွေသားမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်ပြီး တရားဝင် ကိုယ်စားလှယ်များမှတစ်ဆင့် ငွေသားပြန်လည် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိ မည်သည့်နေရာ မှမဆို ဒေါင်းလုဒ်ပြုလုပ် ထည့်သွင်းနိုင်ပြီဖြစ်သော KBZPay သည် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမို လုံခြုံရိုးရှင်းလွယ်ကူစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

လက်ရှိအချိန်အထိ KBZPay အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ် ထည့်သွင်းထားသူပေါင်း (၁.၃) သန်းကျော် ရှိနေပြီး အသုံးပြုသူ တစ်သန်းမှာ မိမိတို့၏ အကောင့်များကို နိုင်ငံသားစိစစ်ရေးအမှတ်နှင့် ကိုယ်ပိုင် အမှတ်လက္ခဏာ မှတ်သားနိုင်ခြင်း နည်းပညာ (Biometric) တို့ဖြင့် ဒစ်ဂျစ်တယ်စနစ်အရ အတည်ပြုပြီး အသုံးပြုနေကြပြီ ဖြစ်ပါသည်။ အတည်ပြုပြီးအကောင့် အသုံးပြုသူများမှာ KBZPay ဖြင့် ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ်နှင့် ပြည်တွင်းရှိ အဓိက ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများ၏ ဖုန်းကတ်များကို ဖုန်းအတွင်း တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ခြင်း စသည့် ဝန်ဆောင်မှုအားလုံးကို အပြည့်အဝ ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် KBZPay အသုံးပြုသူပေါင်း သန်း (၃၀) ကျော် ရရှိနိုင်ရန် မျှော်မှန်းထားသည့် ခရီးလမ်းကို စတင် အကောင်အထည်ဖော်ခဲ့ပုံ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ :
– KBZPay စမ်းသပ်မိတ်ဆက်ခြင်း စတင်ခဲ့

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ:
– ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူထုနှင့်တိုက်ရိုက်တွေ့ဆုံနိုင်ရန် KBZPay Day ပွဲများ ကျင်းပပြုလုပ်ခဲ့
– စာရင်းသွင်း အကောင့်ဖွင့်ပြီး အသုံးပြုသူဦးရေ (၅၀၀,၀၀၀) ရှိခဲ့ရာတွင် တရားဝင် ကိုယ်စားလှယ်ပေါင်း (၁၀,၀၀၀) နှင့် ဆိုင်ပေါင်း (၁၇,၀၀၀) ရှိခဲ့

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ :

  • -၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်၊ ပိတ်ရက် ၂ရက်အတွင်း ထပ်မံ စာရင်းပေးသွင်းသော အသုံးပြုသူအသစ်ပေါင်း (၁၂၃,၀၀၀) ကျော် ရှိခဲ့
    • – ဤ ၂ ရက်အတွင်း လူထုနှင့် တိုက်ရိုက်တွေ့ဆုံ၍ အသုံးပြုသူများအတွက် ကိုယ်တိုင်ကိုယ်ကျ စာရင်းပေးသွင်းရန် ပူးပေါင်းပါဝင် သွားရောက်ခဲ့သော ကမ္ဘောဇဘဏ် ဝန်ထမ်းပေါင်း (၁၀,၀၀၀) ကျော်အထိ ရှိခဲ့
    • – ဤ ၂ ရက်အတွင်း တစ်နာရီလျှင် စာရင်းသွင်း အကောင့်ဖွင့်သူ (၄,၀၀၀) နှင့် တစ်စက္ကန့်လျှင် ဝန်ဆောင်မှု အသုံးပြုမှု transaction (၂၀၀) ရှိခဲ့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ :
– နေ့စဉ် အသုံးပြုသူအသစ် (၁၈,၀၀၀) ကျော် စာရင်းသွင်း အကောင့်ဖွင့်ခဲ့
– ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၅ ရက်နေ့တွင် အတည်ပြုပြီးအကောင့် အသုံးပြုသူ တစ်သန်းပြည့်မြောက်ခဲ့

KBZPay စာရင်းသွင်း အကောင့်ဖွင့်နည်း

လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT ၊ Telenor ၊ Ooredoo နှင့် MyTel မိုဘိုင်းဖုန်းနံပါတ် အသုံးပြုထားသော စမတ်ဖုန်းတစ်လုံး ရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ်နိုင်သည်။

အသုံးပြုသူများအနေဖြင့် KBZPay အကောင့်ဖွင့်ရန် အောက်ပါအတိုင်း ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်သည်။

– ပထမဦးစွာ KBZPay အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် Apple App Store သို့မဟုတ် www.kbzpay.com တွင် ဒေါင်းလုဒ်ပြုလုပ်ရမည် ဖြစ်သည်။.
– အခြေခံ ကိုယ်ရေးအချက်အလက်များဖြစ်သော မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ဖုန်းနံပတ်နှင့် အကောင့်အသုံးပြုရန် စကားဝှက်တစ်ခု ထည့်သွင်းပေးပြီး အကောင့်တစ်ခု စတင်ပြုလုပ်ရမည် ဖြစ်သည်။
– မိမိတို့နှင့် အနီးဆုံး ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ထံသို့ သွားရောက်၍ နိုင်ငံသားမှတ်ပုံတင်ကတ်ဖြင့် သေချာစွာစစ်ဆေး စာရင်းပေးသွင်းပြီးပါက စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
– ထို့နောက် KBZPay အက်ပလီကေးရှင်းအား မိမိ၏ ကမ္ဘောဇဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍လည်းကောင်း၊ တရားဝင်ကိုယ်စားလှယ်၏ မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့်လည်းကောင်း အလွယ်တကူ ငွေသွင်း၊ ငွေထုတ် စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

KBZPay ၏ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရန် စိတ်ပါဝင်စား သူများအနေဖြင့် ကမ္ဘောဇဘဏ် အဖွဲ့သားများအား ၃၂၁၁ သို့မဟုတ် +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့မဟုတ် [email protected] မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

KBZPay အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.kbzpay.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။