Language
Yagi Typhoon Relief Efforts
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ဖြစ်ပွားလျက်ရှိသော ရေကြီးရေလျှံဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများပေးနိုင်ရန် ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများ၊ ပြည်တွင်းပြည်ပ လူမှုရေး၊ စီးပွားရေး မိတ်ဖက် အဖွဲ့အစည်း ကွန်ယက်များမှတဆင့် ဖြန့်ကျက်ဆောင်ရွက်လျက် ရှိပါသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံဖြစ်ပွားလျက်ရှိသော သဘာဝ ဘေးအန္တရာယ်သင့် နေရာဒေသ အသီးသီးအတွက် ဘဏ်ခွဲပေါင်း (၁၀၀) ကို အရေးပေါ် ကူညီရန် ဌာနများအဖြစ်သတ်မှတ်ကာ ဘဏ်ခွဲတစ်ခုလျှင် ကျပ်သိန်း(၁၀၀၀)ဖြင့် ကျပ်ငွေ (၁၀) ဘီလီယံ မတည်၍ ဘဏ်ခွဲအသီးသီးမှ အရာထမ်းဝန်ထမ်းများ၊ မြို့မိမြို့ဖများ ပူးပေါင်း၍ တစ်နိုင်ငံလုံးရှိ ရေဘေးသင့် နေရာဒေသများတွင် အချိန်နှင့်တပြေးညီထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ဆောင်ရွက်လျက် ရှိပါသည်။
ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ပထမဆင့် – ကယ်ဆယ်ရေးကို ဦးစားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး ဒုတိယဆင့် – ပြန်လည်ထူထောင်ရေးအတွက်လည်း အစီအစဉ်များ ရေးဆွဲလျက်ရှိပါသည်။
ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် စက်တင်ဘာလ (၉) ရက်နေ့တွင် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုဒဏ်ခံစားရသော ရေဘေးသင့်ဒေသများရှိ ပြည်သူများအတွက် စက်တင်ဘာ (၁၀) ရက်နေ့မှစတင်ပြီး အသင့်စားသုံးနိုင်သော အစားအသောက်များ၊ အသင့်စား စည်သွပ်ဘူး ငါးသေတ္တာနှင့် အသားဘူးများ ၊ သောက်ရေသန့်ဘူးများ ၊ BPI ဓာတ်ဆားထုပ်များနှင့် လိုအပ်သည့် ဆေးဝါးများ ၊ အသင့်ချုပ်ပြီး ကျားဝတ်ပုဆိုး၊ မ,ဝတ်လုံချည်၊ အဝတ်အထည်များ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းများ၊ ခြုံစောင်များကို ရေဘေးဒဏ်ပြင်းထန်မှု အဆိုးရွားဆုံး ခံစားရသည့် နေရာဒေသများဖြစ်သော အောင်ပန်း၊ ကလော၊ ရွှေညောင်၊ ညောင်ရွှေနှင့် အင်းလေး၊ တပ်ကုန်း၊ ရမည်းသင်း ၊ ပျော်ဘွယ် အစရှိသော နေရာ အသီးသီး အထိ ကားကြီးများဖြင့် အရောက် အမြန်ဆုံး ပေးပို့ဖြန့်ဝေ လှူဒါန်းလျက်ရှိပါသည်။
ချက်ပြုတ်စားသောက်ရန် ခက်ခဲသောမြို့ရွာများတွင်လည်း ထမင်းချက်စခန်းများကို မဏ္ဍပ်များထိုး၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေခြင်း၊ ရေဘေးဒဏ်ခံရသော ကျေးရွာများအတွက်လည်း ၄င်းရွာနှင့် နီးစပ်သော ရေလွတ်သော ကျေးရွာများသို့ KBZPay မှတဆင့် ငွေလွှဲ၍ နံနက်စာ၊ နေ့လယ်စာ၊ ညစာများ ချက်ပြုတ်ပေးဝေလျက်ရှိပါသည်။
မြန်မာနိုင်ငံတဝှမ်း ကမ္ဘောဇဘဏ်ဘဏ်ခွဲအသီးသီးရှိ ဘဏ်ဝန်ထမ်းများမှလည်း ဘဏ်မှလှူဒါန်းမှုဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေသည့်အပြင် အဝတ်အထည် ၊ ဆေးဝါး ၊ ငွေကြေးအလှူဒါနတို့ကိုပါ တတ်အားသရွေ့ ပါဝင်လှူဒါန်းလျက်ရှိပါသည်။
ရေကြီးရေလျှံဖြစ်ပွားလာနိုင်ဖွယ် ရှိသော ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် အခြားနေရာဒေသများအတွက်လည်း လိုအပ်သည်များကို အချိန်နှင့်တပြေးညီ ကူညီထောက်ပံ့လှူဒါန်းနိုင်ရန် အဆင်သင့် ပြင်ဆင်ထားရှိပြီးဖြစ်ပါသည်။
ကမ္ဘောဇဘဏ်အနေဖြင့် ၂၀၁၅ ခုနှစ်တွင် ဖြစ်ပွားခဲ့သော တစ်နိုင်ငံလုံး ရေကြီးရေလျှံမှု ဖြစ်စဉ်တွင် ရရှိခဲ့သော ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး အတွေ့အကြုံကောင်းများ ကို အခြေခံကာ ယခုရေကြီးရေလျှံမှု သဘာဝဘေးအန္တရယ် ကျရောက်ချိန်တွင်လည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ထိရောက်စွာ ပံ့ပိုးကူညီနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
မြန်မာနိုင်ငံတဝှမ်း ကမ္ဘောဇဘဏ်ခွဲအသီးသီးရှိ ဘဏ်ဝန်ထမ်းများမှ လှူဒါန်းမှုများအတွက် ကိုယ်တိုင် လုပ်အားပေး ပါဝင်ဆောင်ရွက်နေကြပုံ
တိုင်ဖွန်းမုန်တိုင်း ရာဂီ (Yagi) ဝင်ရောက်တိုက်ခတ်မှုကြောင့် ရေဖုံးလွှမ်းမှုဒဏ် ခံစားခဲ့ရသည့် နေရာဒေသများနှင့် လူမှုအဖွဲ့အစည်းများကို ငွေကြေးအားဖြင့် ပါဝင်ကူညီလိုသူများအနေဖြင့် အောက်ဖော်ပြပါ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ စာရင်း နှင့် Myanmar Red Cross Society KBZPay QR များမှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ပါသည်။
အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ စာရင်းမှတစ်ဆင့် လှူဒါန်းလိုပါက
ကမ္ဘောဇဘဏ်သည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားတွင် ရာဂိမုန်တိုင်းအရှိန်ကြောင့် ရေကြီးရေလျှံဖြစ်ပွါးခဲ့သော ဒေသများရှိ ရေဘေးသင့်ပြည်သူများအား ထိရောက်သော ကူညီပံ့ပိုးမှုများကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပရဟိတအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများနှင့် လက်တွဲကာ ကမ္ဘောဇဘဏ်ခွဲများ၊ ဘဏ်ဝန်ထမ်းများသည် နေ့စဉ်လှူဒါန်းမှုများကို လုပ်ငန်းတာဝန်များကြားမှ နေ့မအား ညမနား လုပ်အားပေးပါဝင်လျက်ရှိပါသည်။
ယခုအခါတွင်လည်း မြန်မာနိုင်ငံ နေရာဒေသ အနှံ့အပြားရှိ ရေဘေးသင့်ပြည်သူများအား ငွေကြေးအားဖြင့် ပါဝင်ကူညီလိုသူ customer များအနေဖြင့် မြန်မာ့စီးပွါးရေးဘဏ်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေ (OA-011834) စာရင်းသို့ ငွေသားထည့်သွင်း၍ဖြစ်စေ၊ စာရင်းပြောင်းနည်း Account Transfer ဖြင့်ဖြစ်စေ လှူဒါန်းမှုများအတွက် ဝန်ဆောင်ခ နှင့် ငွေလွှဲခများ ပေးဆောင်စရာမလိုဘဲ လှူဒါန်းနိုင်ကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။
Myanmar Red Cross Society KBZPay QR မှတစ်ဆင့် လှူဒါန်းလိုပါက
လှူဒါန်းရန် ဆောင်ရွက်ပုံအဆင့်ဆင့်
၁) KBZPay အက်ပလီကေးရှင်းကိုဖွင့်၍ မိမိ အကောင့်ထဲသို့ဝင်ပါ။
၂) ‘Scan’ကို နှိပ်ပါ။
၃) မိမိလှူဒါန်းလိုသော အဖွဲ့အစည်း၏ QR Code ကို Scan ဖတ်ပါ။
၄) မိမိလှူဒါန်းလိုသော ငွေသားပမာဏကို ထည့်သွင်းပါ။
၅) ငွေလွှဲမည်ကိုနှိပ်ပြီး လှူဒါန်းနိုင်ပါသည်။
QR ကုတ်မှတစ်ဆင့် ငွေလွှဲသည့်အခါတွင် ဝန်ဆောင်ခတစ်စုံတရာ ပေးရန်လိုအပ်မည်မဟုတ်ပါ။