ကမ္ဘောဇဘဏ်နှင့် KBZPay တို့မှ ယခုနှစ်အတွက် Asian Banking & Finance Awards 2020 ဆုများအတွင်း ထိပ်တန်းဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခံရ

မြန်မာ့ဦးဆောင်ဘဏ်မှ ၎င်း၏ မိုဘိုင်းဦးစားပေးငွေပေးချေမှုပလက်ဖောင်းဖြစ်သည့် KBZPay နှင့်အတူ ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် မြှင့်တင်ဆောင်ရွက်မှုများအတွက် နိုင်ငံတကာမှ အသိအမှတ်ပြုခံရ

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက် – မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် ၎င်း၏ မိုဘိုင်းဦးစားပေးငွေပေးချေမှုပလက်ဖောင်းဖြစ်သည့် KBZPay နှင့်အတူ (၁၅) ကြိမ်မြောက် Asian Banking and Finance Awards (ABF Awards) နှင့် (၉) ကြိမ်မြောက် ABF Wholesale Banking Awards ဆုရွေးချယ်ပွဲများတွင် ဘဏ်လုပ်ငန်းနှင့် မိုဘိုင်းငွေပေးချေမှုနယ်ပယ်အတွင်း ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင် နိုင်ခဲ့မှုကြောင့် အသိအမှတ်ပြုဆုများ ရွေးချယ်ချီးမြှင့်ခြင်းခံခဲ့ရကြောင်း ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့ပါသည်။

KBZPay ဖြင့် ပြည်သူအားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ် မြှင့်တင်နိုင်ရန်အတွက် အားကြိုးမာန်တက် ဆောင်ရွက်ခြင်းများအပေါ် ဂုဏ်ပြုသည့်အနေဖြင့် ကမ္ဘောဇဘဏ်အား ABF Retail Banking Awards 2020 တွင် ‘Domestic Retail Bank of the Year – Myanmar’ ၊ ‘Digital Wallet Initiative of the Year – Myanmar’ နှင့် ‘Mobile Banking & Payment Initiative of the Year – Myanmar’ ဆုများအားလည်းကောင်း၊ ABF Wholesale Banking Awards 2020 တွင် ‘Myanmar Domestic Initiative of the Year for Mobile Payments’ ဆုကြီးအားလည်းကောင်း ပေးအပ်ချီးမြှင့်ခံခဲ့ရသည်။

၂၀၁၈ ခုနှစ်မှစတင်ပြီး KBZPay သည် မြန်မာနိုင်ငံ အနှံ့အပြားရှိ ပြည်သူများအတွက် မရှိမဖြစ် လိုအပ်သော ငွေရေးကြေးရေးနှင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ပထမဦးဆုံးအကြိမ် စတင်အသုံးပြုနိုင်ရန် ဆောင်ရွက်ပေးရင်း တစ်ဦးနှင့်တစ်ဦးအကြား ဘေးကင်းလုံခြုံမှုရှိစွာဖြင့် ပိုမို အလွယ်တကူ ချိတ်ဆက်အသုံးပြုနိုင်သော ဒစ်ဂျစ်တယ် ငွေပေးချေမှုပုံစံတစ်ခုကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ပါသည်။ လက်ရှိအချိန်တွင် မြန်မာနိုင်ငံတစ်ဝှမ်း KBZPay အသုံးပြုသူ (၆) သန်းကျော်ရှိနေပြီဖြစ်ပြီး နှစ်နှစ်မပြည့်မီအချိန်အတွင်း ဆောင်ရွက်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များ၏ ပမာဏ စုစုပေါင်းမှာ ငွေကျပ် (၁၅) ထရီလီယံကျော် ရှိခဲ့ပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ စတင်ဖြစ်ပွားခဲ့သော ၂၀၂၀ ခုနှစ်၊ ဧပြီလမှစတင်၍ KBZPay ဖြင့် အသုံးပြုသူအချင်းချင်း ငွေကြေးလွှဲပြောင်းမှု ပြုလုပ်သည့် အရေအတွက် (၂၂၅%) အထိ တိုးတက်လာခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု ပမာဏ (၁၄၈%) အထိ မြင့်တက်သွားခဲ့သည်။

ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်းခမ်း က “မြန်မာနိုင်ငံမှာ ပြည်သူတွေ အားလုံးပါဝင် အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု အကောင်အထည်ဖော်နိုင်ဖို့ တိုးမြှင့်ဆောင်ရွက်နေတဲ့ ကျွန်မတို့ရဲ့ ကြိုးပမ်း အားထုတ်မှုတွေကို အခုလို နိုင်ငံတကာစင်မြင့်ထက်မှာ အသိအမှတ်ပြုခံရတဲ့အတွက် တကယ့်ကို ဂုဏ်ယူမိပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ်တွေတုန်းက ကျွန်မတို့နိုင်ငံထဲက ပြည်သူအများစုဟာ ဘဏ္ဍာရေးဝန်ဆောင်မှုတွေ ရယူဖို့ လက်လှမ်းမမီခဲ့ကြပါဘူး။ ဒီအချိန်မှာတော့ KBZPay က မြန်မာနိုင်ငံမှာရှိတဲ့ အသုံးပြုသူ သန်းပေါင်းများစွာကို သူတို့ရဲ့ မိုဘိုင်းဖုန်းတွေကနေတဆင့် နေ့စဉ်သုံး ဝန်ဆောင်မှုတွေကို လုံခြုံစိတ်ချမှုအပြည့်နဲ့ အလွယ်တကူ ချိတ်ဆက်နိုင်အောင် ဆောင်ရွက်ပေးနေတဲ့အပြင် သူတို့ရဲ့ ငွေကြေးစီမံဆောင်ရွက်တဲ့ ပုံစံကိုလည်း ပြောင်းလဲပေးနိုင်ဖို့ ကြိုးပမ်းဆောင်ရွက်နေပါတယ်။ ဒါက ဘဏ္ဍာရေးနဲ့ ငွေကြေးစီမံခန့်ခွဲမှုတွေကို ပိုပြီးအဆင်ပြေအောင်၊ ပိုပြီးလုံခြုံအောင် ဆောင်ရွက်ပေးရုံသာမက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ တပြေးညီ တိုးတက်ဖွံ့ဖြိုးလာစေဖို့ ကျွန်မတို့ဆောင်ရွက်ရမယ့် စီးပွားရေး ဖွံဖြိုးမှု၊ လူမှုရေးတိုးတက်မှုနဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု စတာတွေအတွက် အခြေခံအုတ်မြစ် ချနိုင်အောင် ကူညီပံ့ပိုးပေးနေတာလည်း ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။  

KBZPay သည် အသုံးပြုသူတစ်ဦးချင်းစီအတွက် အကျိုးကျေးဇူးများ ရရှိနိုင်ရန် ဖန်တီးပေးနေသည့်အပြင် မြန်မာနိုင်ငံတော် အစိုးရက ချမှတ်ထားသည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု စီမံချက် (CERP) ပန်းတိုင်တစ်ခုအရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မိုဘိုင်းငွေကြေးလွှဲပြောင်းပေးချေမှုများ လုပ်ဆောင်ရာတွင် အဓိက မောင်းနှင်သူအဖြစ် ဝန်ဆောင်မှု ပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ KBZPay ပလက်ဖောင်းမှတဆင့် ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများ၊ လက်လီအရောင်းဆိုင်များ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အခြား ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့၏ ဝန်ဆောင်မှု အသုံးပြုသူများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးလျက်ရှိပါသည်။ ထိုကဲ့သို့ ချိတ်ဆက်ဝန်ဆောင်ပေးမှုများကြောင့် ကိုယ်စားလှယ်နှင့် ဈေးဆိုင်ပိုင်ရှင်ပေါင်း (၂၉၀,၀၀၀) ကျော် ရှိသည့် ကွန်ရက်တစ်ခုအတွက် ငွေလွှဲပြောင်း ပေးချေမှုများ ဆောင်ရွက်ရာတွင် ကော်မရှင်ရရှိနိုင်ခြင်းနှင့် ငွေသားအသုံးပြုခြင်းထက် ဝင်ငွေများကို ပိုမို စိတ်ချရပြီး ထိရောက်စွာ စီမံခန့်ခွဲနိုင်ခြင်းဖြင့် ဝင်ငွေ အခွင့်လမ်းအသစ်များ ပိုမိုရရှိအောင် ဆောင်ရွက်ပေးလျက်ရှိသည်။

လွန်ခဲ့သော တစ်နှစ်အတွင်း ကမ္ဘောဇဘဏ်သည် KBZPay ဒစ်ဂျစ်တယ် အသက်အာမခံ၊ ကဒ်အသုံးပြုစရာမလိုဘဲ ATM စက်မှ ငွေသားထုတ်ယူနိုင်ခြင်း၊ ကျောင်းလခများ ပေးချေခြင်း၊ KBZPay ဖြင့် လှူဒါန်းနိုင်ခြင်း အပါအဝင် ဝန်ဆောင်မှုများစွာအတွက် ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေပေးချေခြင်း အစရှိသော အောင်မြင်မှု ရရှိလျက်ရှိသည့် KBZPay ဝန်ဆောင်မှု အမြောက်အမြားကို မိတ်ဆက်ပေးနိုင်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းရာတွင် ၎င်း၏ ကြိုးပမ်းအားထုတ်မှုများဖြင့် ထပ်ဆင့် အရှိန်မြှင့်တင်ပေးနိုင် ခဲ့ပါသည်။ ကမ္ဘောဇဘဏ်သည် ကိုဗစ်-၁၉ ကာလ စီးပွားရေးကဏ္ဍအတွင်း ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများအတွက် ငွေကြေးလည်ပတ်မှု ပိုမို အဆင်ပြေစေရန် KBZPay လွယ်ကူထုတ်ယူချေးငွေနှင့် KBZPay ဈေးဝယ်ချေးငွေ ဝန်ဆောင်မှု အပါအဝင် မိုဘိုင်းဦးစားပေး ချေးငွေဝန်ဆောင်မှုများကို စတင်ခဲ့သည်။ မြန်မာနိုင်ငံတွင် တိုးတက်မှုအမြန်ဆန်ဆုံး ပလက်ဖောင်းအနေဖြင့် ပိုမိုအသုံးပြုရလွယ်ကူပြီး စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို စတင်မိတ်ဆက်ခြင်းဖြင့် တစ်နိုင်ငံလုံးအနေဖြင့် ရာနှုန်းပြည့် အားလုံး ပါဝင်အသုံးပြုနိုင်သည့် ဘဏ္ဍာရေးစနစ်ကို ခြေတစ်လှမ်းပိုပြီး နီးကပ်လာအောင် စီစဉ်ဆောင်ရွက်နေပါသည်။ 

အာရှထိပ်တန်း ဘဏ္ဍာရေးဆိုင်ရာ မဂ္ဂဇင်းတစ်ခုဖြစ်သော Asian Banking and Finance သည် အာရှဒေသ အတွင်းရှိ wholesale နှင့် retail ဘဏ်လုပ်ငန်းနယ်ပယ်များတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့သည့် လုပ်ဆောင်ချက်များနှင့် ဆန်းသစ်မှုရှိသော မဟာဗျုဟာများကို စောင့်ကြည့်လေ့လာပြီး နှစ်စဉ် ဆုပေါင်းများစွာ အသိအမှတ်ပြု ပေးအပ်လျက်ရှိသည်။ ယခုနှစ်အတွက် ABF ဆုများ အကဲဖြတ်ရွေးချယ်သည့်အဖွဲ့တွင် Deloitte ၊ Ernst & Young ၊ PwC နှင့် KPMG ကဲ့သို့သော ကမ္ဘာ့အကြီးဆုံး စာရင်းအင်းနှင့် အကြံပေးလုပ်ငန်းစုအချို့မှ ဘဏ်လုပ်ငန်းနယ်ပယ်အတွင်း ဦးဆောင် လုပ်ကိုင်နေသူများ ပါဝင်ပါသည်။ ဆုချီးမြှင့်ရန် လျာထားခံရသူများအား အကဲဖြတ်လေ့လာရာတွင် ထူးခြားသည့် တီထွင်ဆန်းသစ်မှု၊ ထိရောက်သည့် အကျိုးရလဒ်နှင့် အင်တိုက်အားတိုက် လုပ်ဆောင်မှု စသည့်အချက်များအပေါ် အဓိကထား စိစစ်ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်ကလည်း ABF မှ ကမ္ဘောဇဘဏ်အား Financial Inclusion Initiative of the Year – Myanmar ၊ Mobile Banking Initiative of the Year နှင့် Myanmar Domestic Trade Finance Bank of the Year ဆုများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။