ကမ္ဘောဇဘဏ်နှင့် Tranglo တို့ပူးပေါင်းပြီး နိုင်ငံခြားငွေလွှဲ ပေးပို့မှုများကို ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးပြုသူ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှုပေးမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ၊ ၇ ရက်နေ့ – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်နှင့် နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့ရန် အဓိက ဝန်ဆောင်မှုပေးနေသည့် အာရှထိပ်တန်း ကုမ္ပဏီများအနက် တစ်ခုအပါအဝင်ဖြစ်သော Tranglo တို့သည် ငွေလွှဲဝန်ဆောင်မှုဆိုင်ရာ မိတ်ဖက်ပူးပေါင်းမှုတစ်ခု ပြုလုပ်ခဲ့ပြီး နိုင်ငံခြားငွေလွှဲများကို ကမ္ဘောဇဘဏ် customer များ၏ ဘဏ်အကောင့်သို့ တိုက်ရိုက်ပေးပို့နိုင်ရန် ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ ခွင့်ပြုချက်အရ ပေးအပ်သွားမည့် ငွေလွှဲဝန်ဆောင်မှုကို အသုံးပြု၍ မလေးရှား၊ စင်ကာပူနှင့် တောင်ကိုရီးယား အစရှိသော နိုင်ငံများမှ မြန်မာ အလုပ်သမားများမှာ ပိုမို လွယ်ကူ၊ မြန်ဆန်ပြီး လုံခြုံစိတ်ချရသော လမ်းကြောင်းဖြင့် မိမိတို့၏ မိသားစုထံ ငွေပေးပို့နိုင်ပြီ ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်တွင်းပြည်ပ အလုပ်သမားဆိုင်ရာကော်မတီ (အမျိုးသားလွှတ်တော်) ၏ ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားမီ ကာလအတွင်း ပြည်ပနိုင်ငံများသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ သွားရောက်လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား (၄) သန်းရှိသည်ဟု1 ဖော်ပြထားပြီး အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ကလည်း မြန်မာနိုင်ငံရှိ လုပ်သားအင်အားစု၏ (၁၀) ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများတွင် အလုပ် လုပ်ကိုင်နေကြသည်ဟု ခန့်မှန်းထားပါသည်။2  ကမ္ဘာ့ဘဏ်၏ ခန့်မှန်းချက်အရ ၂၀၁၉ ခုနှစ်တွင် ရွှေ့ပြောင်းအလုပ်သမားများ ပြုလုပ်ခဲ့သည့် ငွေလွှဲပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၀၃၅) ဘီလီယံခန့်ရှိပြီး အဆိုပါ ပမာဏမှာ မြန်မာနိုင်ငံ GDP ၏ (၄.၆) ရာခိုင်နှုန်းနီးပါးရှိကြောင်း တွေ့ရှိရသည်။ အဆိုပါ ငွေလွှဲပြောင်းမှုများတွင် ပွဲစားများမှတဆင့် တရားမဝင် ငွေလွှဲပြောင်းမှုများ၊ မိသားစုဝင်များထံ အလုပ်သမားကိုယ်တိုင် သယ်ဆောင်လာမှုများမှ ဝင်ရောက်လာသည့် သန်းပေါင်းများစွာသော ငွေပမာဏများ မပါဝင်ပါ။ 3

ရွှေ့ပြောင်းလုပ်သား အများစုသည် နိုင်ငံရပ်ခြားတွင် မိမိတို့ ရှာဖွေစုဆောင်းထားသော လုပ်အားခများကို မြန်မာနိုင်ငံရှိ မိသားစု၊ ချစ်ခင်ရသူများထံသို့ ငွေလွှဲရာတွင် ပုံမှန်အားဖြင့် ပေးပို့သူနှင့် လက်ခံရရှိသူ နှစ်ဦးစလုံးအတွက် အချိန်ကြန့်ကြာသည့် ဘဏ်တိုက်ရိုက်မဟုတ်ဘဲ ခွင့်ပြုချက်ရယူပြီး ဆောင်ရွက်ပေးနေသည့် ဝန်ဆောင်မှုများကိုသာ အသုံးပြုလေ့ရှိကြသည်။ Tranglo က ပေးအပ်လိုက်သည့် ဝန်ဆောင်မှုအသစ်အရ ငွေလွှဲလက်ခံသူသည် ၎င်း၏ ကမ္ဘောဇဘဏ် စာရင်းရှင်အပ်ငွေစာရင်း(Current Account)၊ ငွေစုဘဏ်အပ်ငွေစာရင်း (Saving Deposit Account) (သို့မဟုတ်) ခေါ်ယူအပ်ငွေစာရင်း(Call Deposit Account) များမှတစ်ဆင့် တိုက်ရိုက်၊ ချက်ချင်း ငွေလက်ခံ ရယူနိုင်မည် ဖြစ်ပါသည်။ ထို့ကြောင့် ငွေလွှဲလက်ခံသူများမှာ မိမိတို့၏ iBanking (သို့မဟုတ်) mBanking အကောင့်များသို့ ဝင်ရောက်ပြီး ငွေအဝင်ကို ချက်ချင်း ကြည့်ရှုစစ်ဆေးနိုင်မည်ဖြစ်သည့်အပြင် ငွေထုတ်ယူရာတွင်လည်း ဘဏ်ခွဲများသို့ သွားရောက်စရာ မလိုတော့ဘဲ နီးစပ်ရာ ကမ္ဘောဇဘဏ် ATM စက်တွင် ငွေလွှဲထုတ်ယူခြင်း (သို့မဟုတ်) ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်  များမှတစ်ဆင့် ထုတ်ယူနိုင်ခြင်း စသဖြင့် မိမိအတွက် အဆင်ပြေမည့်နည်းလမ်းကို ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။ အချို့သော ငွေလွှဲဝန်ဆောင်မှုများနှင့် မတူသည့် အချက်မှာ ငွေလွှဲလက်ခံသူဘက်က အခကြေးငွေ တစ်စုံတစ်ရာ ပေးရန်မလိုအပ်ဘဲ ငွေများအားလုံးကို မိမိတို့၏ ကမ္ဘောဇဘဏ်အကောင့်ထဲသို့ တိုက်ရိုက်လွှဲပြောင်း ရယူနိုင်မည် ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်၏ Head of Wholesale Banking ဖြစ်သူ Mr. Stoney Hsia က “အခုလို အရေးကြီးတဲ့ ပူးပေါင်းဆောင်ရွက်မှုတစ်ခုကို Tranglo နဲ့ လက်တွဲဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ပြည်ပမှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ရွေ့ပြောင်းအလုပ်သမားတွေအတွက် အိမ်ကိုငွေပြန်ပို့ရာမှာ လွယ်လွယ်ကူကူ၊ မြန်မြန်ဆန်ဆန် ဆောင်ရွက်နိုင်ဖို့ဆိုတဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးလိုက်နိုင်ပြီ ဖြစ်ပါတယ်။ သူတို့ချစ်ခင်ရသူတွေကလည်း ဒီဝန်ဆောင်မှုနဲ့ ငွေချက်ချင်း လက်ခံနိုင်ပြီဖြစ်တဲ့အတွက် သူတို့အနေနဲ့ စိတ်အေးချမ်းသာစွာ လုပ်ကိုင်နိုင်ကြမှာပါ။ ဒါ့ကြောင့် ရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ အရင်သုံးနေကျ အလွတ်သဘောနဲ့ လုပ်ကိုင်နေတဲ့ ငွေလွှဲဝန်ဆောင်မှုတွေကို သုံးမယ့်အစား ကိုယ်လွှဲပေးချင်တဲ့သူရဲ့ ကမ္ဘောဇဘဏ်အကောင့်ထဲကို တိုက်ရိုက်ပေးပို့နိုင်ပြီး ယုံကြည်စိတ်ချရတဲ့ ဝန်ဆောင်မှုကို ပြောင်းသုံးကြဖို့ တိုက်တွန်းလိုက်ရပါတယ်။ ဒီဝန်ဆောင်မှုနဲ့ဆိုရင် ငွေလက်ခံမယ့်သူကလည်း ဘဏ်ခွဲရှိတဲ့နေရာ သွားဖို့၊ ဘဏ်မှာတန်းစီဖို့ မလိုတော့တဲ့အတွက် အချိန်ကုန်၊ ငွေကုန် သက်သာစေပါတယ်” ဟု ပြောသည်။

Tranglo ဝန်ဆောင်မှုမှတစ်ဆင့် မြန်မာနိုင်ငံသို့ ငွေလွှဲလို သူများသည် Tranglo ၏ ငွေလွှဲကောင်တာများ (သို့မဟုတ်) မလေးရှားနိုင်ငံရှိ MaxMoney ၊ စင်ကာပူနိုင်ငံရှိ SlidesSG ၊ တောင်ကိုရီးယားနိုင်ငံရှိ GME စသည့် မိတ်ဖက်ကောင်တာများတွင်လည်း သွားရောက်ပြီး ငွေလွှဲနိုင်ပါသည်။ မြန်မာနိုင်ငံသို့ ငွေလွှဲလုပ်ဆောင်ချက်တစ်ခုလျှင် အများဆုံး အမေရိကန်ဒေါ်လာ (၅,၀၀၀) နှင့် ညီမျှသော မြန်မာကျပ်ငွေကို ငွေလွှဲပေးပို့နိုင်ပြီး ငွေလွှဲ လုပ်ဆောင်ရန် ငွေလက်ခံမည့်သူ၏အမည်နှင့် ၎င်း၏ ကမ္ဘောဇဘဏ်အကောင့်နံပါတ်တို့ လိုအပ်ပါသည်။

Tranglo ၏ CEO ဖြစ်သူ Jacky Lee က “အခုလို နောင်ဘာဖြစ်မယ်ဆိုတာ မှန်းဆလို့မရနိုင်တဲ့အချိန်မှာ ကျွန်တော်တို့အတွက် အဓိက ဦးစားပေးကတော့ အလုပ်သမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ ဘေးကင်းလုံခြုံစွာနဲ့ အိမ်ပြန်ရောက်နိုင်ဖို့ပါပဲ။ ကျွန်တော်တို့ရဲ့ နည်းပညာရယ်၊ ကမ္ဘောဇဘဏ်ရဲ့ ပြည်တွင်းမှာ အခိုင်အမာ ရပ်တည်နေမှုရယ် ပေါင်းစပ်လိုက်တဲ့အခါ ဘဏ်မှာအကြာကြီး တန်းစီနေရတယ်ဆိုတာ အရင်ကအဖြစ်အပျက်တစ်ခု အနေနဲ့သာ ရှိနေတော့မှာပါ။ ကျွန်တော်တို့ရဲ့ API ကလည်း ငွေလွှဲလက်ခံမယ့်သူတွေရဲ့ ကမ္ဘောဇဘဏ်အကောင့်တွေထဲကို အမြန်ဆုံး၊ ဘေးကင်းလုံခြုံစွာနဲ့ တိုက်ရိုက်ရောက်ရှိနိုင်အောင် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

Tranglo သည် တရားဝင် ခွင့် ပြုချက်ရ ငွေလွှဲလုပ်ငန်း (MTO) တစ်ခုအနေဖြင့် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုများကို တိုးချဲ့ပေးအပ်နေပြီး တရုတ်၊ အင်ဒိုနီးရှား၊ စင်ကာပူ အစရှိသော နိုင်ငံများ အပါအဝင် ၎င်း၏ နိုင်ငံတကာကွန်ရက်ကိုလည်း ဆက်လက် တိုးချဲ့နိုင်ရန် ဆောင်ရွက်သွားမည် ဖြစ်ပါသည်။ Tranglo သည် ၎င်း၏ ထိပ်တန်းနည်းပညာကို အသုံးပြု၍ နယ်စပ်ဖြတ်ကျော် ငွေလွှဲပေးပို့မှုများကို ပိုမို လျင်မြန်၊ စိတ်ချနိုင်ပြီး ကုန်ကျစရိတ် သက်သာစွာဖြင့် ဆောင်ရွက်နိုင်ရန် ဝန်ဆောင်မှုပေးလျက် ရှိပါသည်။

ကမ္ဘောဇဘဏ် နှင့် Tranglo တို့မှ ဆောင်ရွက်ပေးလျက်ရှိသည့် ငွေလွှဲပြောင်းဝန်ဆောင်မှုနှင့် ပတ်သက်ပြီး ပိုမို သိရှိလိုပါက ကမ္ဘောဇဘဏ် Customer Service ၏ Hotline နံပါတ် ဖြစ်သော +၉၅ ၉၉၅၁၀ ၁၈၅၅၅ (သို့မဟုတ်) [email protected] သို့ ဆက်သွယ်မေးမြန်း နိုင်ပါသည်။

1The Myanmar Times, 14 January 2020, Myanmar migrant workers in 2019 exceed 300,000
2International Labour Organisation, 1 September 2020, TRIANGLE in ASEAN – Myanmar
3International Labour Organisation, 1 September 2020, TRIANGLE in ASEAN – Myanmar