KBZPay ၏ MPU Cash-In လုပ်ဆောင်ချက်ဖြင့် MPU ကတ်ကိုင်ဆောင်ထားသူများ မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ ချက်ချင်း ငွေဖြည့်သွင်းနိုင်မည်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ စက်တင်ဘာလ၊ ၁၆ ရက် – အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရာတွင် အသုံးပြုရန် e-commerce မှတ်ပုံတင်ထားသည့် Myanmar Payment Union (MPU) ကဒ် ကိုင်ဆောင်သူအားလုံး ယခုအချိန်တွင် ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းသို့ ချက်ချင်း ငွေဖြည့်သွင်းနိုင်မည့် ငွေကြေးလုပ်ဆောင်ချက်ကို ဆောင်ရွက်နိုင်ပြီ ဖြစ်ပါသည်။ အဆိုပါ MPU Cash-In လုပ်ဆောင်ချက်အား မကြာသေးမီက အသစ်မိတ်ဆက်လိုက်သည့် အဆင့်မြှင့်တင်ထားသော KBZPay ဗားရှင်း ၃.၀ အက်ပလီကေးရှင်းတွင် အသုံးပြုနိုင်မည်ဖြစ်ပြီး ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးမပြုသူများမှာလည်း အခြား ပြည်တွင်းဘဏ်များမှ ထုတ်ပေးထားသည့် ကဒ်များကို အသုံးပြုကာ ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေသွင်းနိုင်မည် ဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဦးဆောင် ဘဏ်ကဒ်ကွန်ရက်တစ်ခုဖြစ်သည့် MPU သည် ပြည်တွင်းရှိ အသုံးပြုသူများအတွက် ကဒ် (၁၀) သန်းကျော်1 ထုတ်ပေးခဲ့ပြီးဖြစ်ကာ  ကမ္ဘောဇဘဏ် အပါအဝင် ပြည်တွင်း ဦးဆောင်ဘဏ်များနှင့် ပူးပေါင်း၍ အမှတ်တံဆိပ် နှစ်ခုပါဝင်သော ဒက်ဘစ်နှင့် ခရက်ဒစ်ကဒ်များကို ထုတ်ပေးလျက် ရှိပါသည်။ MPU Cash-In လုပ်ဆောင်ချက်သည် ၂၀၂၀ ခုနှစ်၊ သြဂုတ်လတွင် မိတ်ဆက်ခဲ့သည့် KBZPay ဗားရှင်း ၃.၀ အက်ပလီကေးရှင်းတွင်ပါဝင်သည့် လုပ်ဆောင်ချက်အသစ် တစ်ခုဖြစ်ပါသည်။ MPU Cash-In လုပ်ဆောင်ချက် စတင်မိတ်ဆက်ခဲ့သည့် အချိန်မှစ၍ MPU ကဒ်ကိုင်ဆောင်သူ (၇၀၀) ကျော်တို့မှာ ၎င်းတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်သွင်းမှု အကြိမ်အရေအတွက် (၁,၀၀၀) ကျော် လုပ်ဆောင်ခဲ့ပြီး တန်ဖိုးအားဖြင့် ငွေကျပ် (၉၆) သန်းခန့် ရှိနေပြီ ဖြစ်ပါသည်။

KBZPay ၏ Head ဖြစ်သူ Mr. Chong Ho Yoon က “ကျွန်တော်တို့ KBZPay နဲ့ MPU ကတော့ ဒစ်ဂျစ်တယ်စနစ်နဲ့ဖြစ်စေ၊ ကဒ်အသုံးပြု၍ဖြစ်စေ လွယ်ကူအဆင်ပြေပြီး လုံခြုံစိတ်ချရတဲ့ ငွေပေးချေမှု အတွေ့အကြုံကို ဖန်တီးပေးဖို့ သန္နိဋ္ဌာန်ချထားပါတယ်။ MPU Cash-In လုပ်ဆောင်ချက်ကနေ နိုင်ငံတစ်ဝှမ်းက KBZPay အသုံးပြုသူ ခြောက်သန်းအတွက် သူတို့ မိုဘိုင်းပိုက်ဆံအိတ်ထဲ ချက်ချင်း ငွေဖြည့်နိုင်တဲ့ ပိုပြီး လိုက်လျောညီထွေရှိတဲ့ ဝန်ဆောင်မှုကို ပေးနိုင်ခဲ့လို့ တစ်ကယ့်ကို ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ပိုပြီး ထူးခြားတာကတော့ အခုဆိုရင် ကမ္ဘောဇဘဏ်ဝန်ဆောင်မှု အသုံးပြုတဲ့သူတွေ မဟုတ်ရင်တောင် e-commerce မှတ်ပုံတင်ထားတဲ့ MPU ကဒ်တွေ အသုံးပြုပြီး သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲကို ချက်ချင်း ငွေဖြည့်သွင်းနိုင်တာပါ။ အခုလို ကိုဗစ်-၁၉ ကာလ တစ်ဦးနဲ့တစ်ဦး သီးခြားနေထိုင်ဖို့ အားပေးတိုက်တွန်းနေချိန်မှာ ဒီလုပ်ဆောင်ချက်က ငွေကြေးနဲ့ဆိုင်တဲ့ နိစ္စဓူဝ လုပ်ဆောင်ချက်တွေကို ပိုပြီး အဆင်ပြေလွယ်ကူ စေမှာပါ” ဟုပြောသည်။     

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် မိုဘိုင်းငွေကြေးလုပ်ဆောင်ချက်များကို ပြောင်းလဲအသုံးပြုလာသည့်အလျောက် KBZPay အား အသွင်သစ်၊ အသုံးပြုသူနှင့် ကိုက်ညီမှုအရှိဆုံးပုံစံ အဆင့်မြင့် နည်းပညာလုပ်ဆောင်ချက်များအပြင် ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ထည့်သွင်း၍ မိတ်ဆက်ခဲ့ပါသည်။

“KBZPay အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ထဲမှာ ထည့်သွင်းထားတဲ့ လက်ကျန်ငွေ ပမာဏ ထူးထူးခြားခြား မြင့်တက်လာတာကို ကျွန်တော်တို့ တွေ့မြင်နေရပါပြီ။ ဒီနှစ်အစောပိုင်း ဇန်နဝါရီလနဲ့ နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက် အသုံးပြုသူတွေရဲ့ ငွေကြေးပမာဏ (၁၆၇%) မြင့်တက်လာခဲ့ပါတယ်။ MPU Cash-In လုပ်ဆောင်ချက်က ကျွန်တော်တို့ရဲ့ KBZPay အသုံးပြုသူတွေနဲ့ MPU ကဒ်ကိုင်ဆောင်သူတွေကို ပိုပြီး အဆင်ပြေလွယ်ကူအောင် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ဒီရလဒ် ကိန်းဂဏန်းတွေဟာလည်း ဆက်လက် မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်” ဟု Mr. Chong Ho Yoon ဖြည့်စွက်ပြောကြားသည်။

MPU ကဒ်ကိုင်ဆောင်သူများအနေဖြင့် KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်း ငွေဖြည့်သွင်းခြင်းအတွက် တစ်ကြိမ်လျှင် ဝန်ဆောင်ခ (၂၀၀) ကျပ် ကျသင့်မည်ဖြစ်ပြီး တစ်ကြိမ်လျှင် အများဆုံး ငွေကျပ် (၃၀၀,၀၀၀) အထိ ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။ တစ်ရက်လျှင် ငွေကြေးလုပ်ဆောင်မှု ပမာဏ စုစုပေါင်း ငွေကျပ် (၁) သန်းအထိ ဖြည့်သွင်းနိုင်မည် ဖြစ်ပါသည်။

MPU Cash-In လုပ်ဆောင်ချက် အသုံးပြုရန်အတွက် KBZPay အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ MPU ကဒ်၊ ဘဏ်နှင့် e-commerce လုပ်ဆောင်ရန် မိုဘိုင်းဖုန်းနံပါတ်တို့ကို မှတ်ပုံတင်ရန် လိုအပ်ပါသည်။ e-commerce မှတ်ပုံတင်ရန် ဆောင်ရွက်ပုံအဆင့်ဆင့်မှာ ဘဏ်တစ်ခုနှင့်တစ်ခု ကွာခြားမှုရှိနိုင်ပါသည်။ 

MPU ကဒ် အသုံးပြုပြီး KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်သွင်းပုံ အဆင့်ဆင့်

၁) KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖွင့်ပြီး ပိုက်ဆံအိတ် (Wallet) ဆိုသည့် နေရာရှိ “ ငွေသွင်း” ကို နှိပ်ပါ။

၂) MPU ကဒ်ကို ရွေးချယ်ပါ။ ငွေသွင်းလိုသည့် ပမာဏအား ရိုက်ထည့်ပြီး “ပေးပို့မည်” ကို နှိပ်ပါ။

၃) MPU ကဒ်နံပါတ်နှင့် ကဒ်သက်တမ်း ကုန်ဆုံးမည့်ရက်ကို ထည့်သွင်းပါ။

၄) “OTP ရယူမည်” ကိုနှိပ်ပြီး SMS မှ ပေးပို့လာသည့် တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။

၅) နောက်ဆုံးအနေဖြင့် “အတည်ပြုမည်” ကို နှိပ်ပြီးပါက လုပ်ဆောင်မှု ပြီးဆုံးပြီ ဖြစ်ပါသည်။

KBZPay အသုံးပြုသူများအနေဖြင့် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ MPU ကဒ် အသုံးပြုကာ ငွေဖြည့်သွင်းသည့် လုပ်ဆောင်ချက်အတွက် ဗီဒီယို သင်ခန်းစာများ အား KBZPay အက်ပလီကေးရှင်းနှင့် KBZPay ဖေ့စ်ဘုတ် စာမျက်နှာ www.facebook.com/KBZPay တို့တွင် လေ့လာနိုင်ပါသည်။

KBZPay အက်ပလီကေးရှင်း ၏ နောက်ဆုံးဗားရှင်းအသစ်အား ဒေါင်းလုဒ်ပြုလိုပါက Google Play Store နှင့် Apple App Store တွင် ဝင်ရောက်လေ့လာနိုင်ပါသည်။

1The Myanmar Times, 12 March 2020, Banking on a cashless future