ကမ္ဘောဇဘဏ်မှ COVID-19 ကပ်ရောဂါကြောင့် စိန်ခေါ်မှုများ ရင်ဆိုင်နေရသည့် ပြည်တွင်းရှိ အသေးစားလုပ်ငန်းရှင်များအတွက် COVID-19 Credit Assistance Program for SMEs အစီအစဉ်ဖြင့် ပံ့ပိုးကူညီမည်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၂ ရက်နေ့ – COVID-19 ကပ်ရောဂါကြောင့် စီးပွားရေးထိခိုက်မှုများ ရင်ဆိုင်နေရသည့် မြန်မာနိုင်ငံတစ်ဝန်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (SMEs) အတွက် ကမ္ဘောဇဘဏ်မှ လက်ရှိ SME customers များနှင့် customers အသစ်များအား အရေးပေါ် ငွေကြေးထောက်ပံ့မှုပေးအပ်နိုင်ရန် COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ ၂၀၂၀ ခုနှစ်၊ ဇွန်လ ၁၁ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်သည့် အဆိုပါ အစီအစဉ်မှတစ်ဆင့် SME လုပ်ငန်းရှင်များ အနေဖြင့် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရသည့် ကာလအတွင်း ငွေရေးကြေးရေးဆိုင်ရာ ဝန်ထုပ်ဝန်ပိုးများမှ သက်သာရာရစေရန် အောက်ပါ ငွေကြေးထောက်ပံ့မှု သို့မဟုတ် ချေးငွေ ပုံစံအမျိုးမျိုးကို ရွေးချယ်လျှောက်ထားနိုင်မည် ဖြစ်ပါသည်။

၁။ လက်ရှိ စာရင်းပိုချေးငွေ (Overdraft Loan) နှင့် ကာလသတ်မှတ်ချေးငွေ (Term Loan) များကို (၆) လအထိ သက်တမ်းထပ်တိုးခြင်း
၂။ လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့ပေးခြင်းနှင့်
၃။ လစဉ်ပေးဆပ်ရမည့် အတိုးနှင့် အရင်းများကို (၆) လအထိ ဆိုင်းငံ့၍ အတိုးအရင်းပေါင်း အချိုးကျ ပြန်လည်ပေးဆပ်စေခြင်း

အထက်ပါ ငွေကြေးထောက်ပံ့မှုပုံစံ အမျိုးမျိုးကို ကမ္ဘောဇဘဏ်၏ SME Banking ဌာနတွင် ပုံမှန် ကာလသတ်မှတ်ချေးငွေ၊ စာရင်းပိုချေးငွေ သို့မဟုတ် JICA SME နှစ်ဆင့်ချေးငွေ ရယူထားသူများ လျှောက်ထားနိုင်ပါသည်။ COVID-19 Credit Assistance Program for SMEs အစီအစဉ်မှတစ်ဆင့် ပေးဆပ်ရမည့်ချေးငွေကို အချိန်အတိုင်းအတာ တစ်ခုအထိ ဆိုင်းငံ့ထားနိုင်သောကြောင့် SMEs လုပ်ငန်းများအတွက် အဆင်ပြေချောမွေ့စွာ ငွေကြေးလည်ပတ်နိုင်မည် ဖြစ်သည်။ ထို့ကြောင့် အဆိုပါ လုပ်ငန်းများအနေဖြင့် မိမိတို့၏ စီးပွားရေးလုပ်ငန်းများ ဆက်လက် လည်ပတ်နိုင်ရေးကိုသာ ဦးစားပေး လုပ်ကိုင်ကာ ငွေကြေးလည်ပတ်မှုများ ပြန်လည် အဆင်ပြေကောင်းမွန်လာစေပြီး နိုင်ငံတော်၏ ကဏ္ဍပေါင်းစုံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတွင် ဆက်လက် ပါဝင်ပံ့ပိုးပေးနိုင်မည် ဖြစ်ပါသည်။

“ပြည်တွင်းက အသေးစား စီးပွားရေးလုပ်ငန်းရှင်တွေအတွက် COVID-19 ကပ်ရောဂါကြီးဟာ ကျန်းမာရေး အခက်အခဲ တစ်ခုဆိုတာထက် ပိုပါတယ်။ ဒီကာလမှာ SME လုပ်ငန်းတော်တော်များများ မဖြစ်မနေ လုပ်ငန်းတွေ ယာယီရပ်နားလိုက်ရတဲ့အတွက် ငွေကြေးလည်ပတ်တဲ့နေရာမှာ အခက်အခဲဖြစ်သွားပြီး ဒီလုပ်ငန်းအပေါ်မှာ မှီခိုနေရတဲ့ ဝန်ထမ်းတွေနဲ့ သူတို့ရဲ့ မိသားစုတွေကိုပါ သက်ရောက်မှုတွေ ရှိလာပါတယ်။ မြန်မာနိုင်ငံတော်အစိုးရရဲ့ စီးပွားရေး ရည်မှန်းချက်ပန်းတိုင်များနဲ့ မြန်မာနိုင်ငံတော် ဗဟိုဘဏ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီ ကမ္ဘောဇဘဏ်ကနေ COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မိတ်ဆက်ပေးခဲ့ပြီး SME customer တွေ ငွေကြေးလည်ပတ်မှု ပြန်လည် ကောင်းမွန်လာအောင် ကူညီပံ့ပိုးပေးသွားပါမယ်။ လက်ရှိ လုပ်ငန်းထဲက လည်ပတ်ငွေတွေကို ချေးငွေပြန်ဆပ်ရမယ့်အစား လုပ်ငန်းလည်ပတ်ဖို့ သုံးနိုင်တဲ့အတွက် SMEs တွေအနေနဲ့ အခုလို အကျပ်အတည်းဖြစ်နေတဲ့ ကာလမှာ ရှင်သန်ရပ်တည်နိုင်ဖို့နဲ့ ပြန်လည် ကုစားနိုင်ဖို့ အခွင့်အလမ်းကောင်းတွေ ရလာမှာပါ။ ကျွန်တော်တို့ ကမ္ဘောဇဘဏ်ရဲ့ SME Banking ဌာနက အဖွဲ့သားတွေကလည်း ပြည်တွင်းက SME လုပ်ငန်းတွေကို ပံ့ပိုးပေးနိုင်ဖို့အတွက် အစွမ်းကုန် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာပါ” ဟု ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှုဒါရိုက်တာ ဦးဇော်လင်းအောင်က ပြောသည်။

COVID-19 Credit Assistance Program for SMEs အစီအစဉ်ကို မြန်မာနိုင်ငံ အစိုးရအဖွဲ့၏ COVID-19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) အရ ဖန်တီးပုံဖော်ခဲ့ခြင်း ဖြစ်ပါသည်။ CERP တွင် ဖော်ပြထားသည့် ပန်းတိုင်အမှတ် ၂.၁.၆ အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ်သည် ကာလရှည်ကြာ အရင်းနှင့် အတိုး ပုံမှန်ပေးဆပ်ခဲ့သည့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများမှ (MSMEs) ချေးယူထားသော ချေးငွေများကို restructure နှင့် reschedule ပြုလုပ်ခွင့်ပေးပြီး ချေးငွေပေးဆပ်ရမည့်ကာလ၊ အတိုးနှုန်းတို့ကို ဘဏ်များမှ သတ်မှတ်နိုင်ရန် ခွင့်ပြုပေးခဲ့သည်။1

မြန်မာနိုင်ငံတွင်းရှိ စီးပွားရေးလုပ်ငန်း (၉၀) ရာခိုင်နှုန်းကျော်ကို အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများအဖြစ် သတ်မှတ်ထားသည်နှင့်အမျှ မြန်မာနိုင်ငံတော်အစိုးရ အနေဖြင့်လည်း SME လုပ်ငန်းများသည် တိုင်းပြည်အနာဂတ်တွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိက အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိကြောင်း အသိအမှတ်ပြု လက်ခံထားသည်။2  COVID-19 ကပ်ရောဂါကြောင့် ဖြစ်ပေါ်နေသည့် စီးပွားရေးအရ အကျိုးသက်ရောက်မှုများကို အသေအချာ တွက်ချက်မထားနိုင်သေးသော်လည်း SME လုပ်ငန်းများ အပါအဝင် စီးပွားရေး လုပ်ငန်းများမှာ ၎င်းတို့၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ဝယ်လိုအားကျဆင်းနေသောကြောင့် အခက်အခဲ၊ အကျပ်အတည်းများအတွင်း ရှင်သန်ရပ်တည်နိုင်ရန် ကြိုးစားနေရသည်ဟု ခန့်မှန်းထားပါသည်။ SME လုပ်ငန်းများမှာ အကူအညီ အထောက်အပံ့များစွာ ပိုမို လိုအပ်လာခြင်း၊ လုပ်ငန်းအရွယ်အစားအပေါ် မူတည်၍ ဆက်လက် ရပ်တည်နိုင်ခြေ နည်းလာခြင်း စသည့် အကျိုးသက်ရောက်မှုများကို အဓိက တွေ့ကြုံလာရမည် ဖြစ်သည်။

COVID-19 Credit Assistance Program for SMEs အစီအစဉ်တွင် လျောက်ထားလိုသော SME လုပ်ငန်းရှင်များ အနေဖြင့် လက်ရှိ customer များဖြစ်ပါက KBZ SME ချေးငွေဝန်ဆောင်မှုများ အနည်းဆုံး (၂) နှစ်ရယူထားပြီးသူများ၊ ကမ္ဘောဇဘဏ်ကို အဓိက အသုံးပြုနေပြီး ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလအထိ မပျက်မကွက် ငွေပြန်လည်ပေးသွင်းခဲ့သည့် customer များ ဖြစ်ရပါမည်။ customer အသစ်များအတွက် ကမ္ဘောဇဘဏ်မှ လျှောက်ထားသူ၏ စီးပွားရေး လုပ်ငန်းနယ်ပယ်နှင့် လုပ်ငန်းပုံစံကို စစ်ဆေးအကဲဖြတ်သွားမည်ဖြစ်ပြီး နိုင်ငံတော်၏ COVID-19 ကပ်ရောဂါ ထိန်းချုပ်၊ ကာကွယ်၊ တားဆီးရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ဖြစ်စေသော ဝန်ဆောင်မှုနှင့် ထုတ်ကုန်လုပ်ငန်းများ ဆောင်ရွက်နေသည့် SME လုပ်ငန်းများကို အထူး ဦးစားပေး ခွင့်ပြုသွားမည် ဖြစ်ပါသည်။ လျောက်ထားသူ အားလုံးမှာ လိုအပ်သည့် ကုမ္ပဏီဆိုင်ရာ စာရွက်စာတမ်းများနှင့် အရေးပေါ် စီးပွားရေးကုစားမှု အစီအစဉ်တစ်ခုကို တင်ပြရန် လိုအပ်ပါသည်။

ယခုအစီအစဉ်နှင့် ပတ်သက်ပြီး အသေးစိတ် မေးမြန်း၊ ဆွေးနွေးလိုပါက (သို့မဟုတ်) လျှောက်ထားလိုပါက SME လုပ်ငန်းများအနေဖြင့် နီးစပ်ရာဘဏ်ခွဲများနှင့် ကမ္ဘောဇဘဏ်၏ SME Banking ဌာနရှိ သက်ဆိုင်ရာ Relationship Manager များအား တိုက်ရိုက်ဆက်သွယ်၍သော်လည်းကောင်း၊ ကမ္ဘောဇဘဏ်၏ SME Banking စီးပွားရေးဘဏ်လုပ်ငန်းဌာနသို့ ဖုန်းနံပါတ် – ၀၁ ၃၇၃၇၈၅၊ ၀၁ ၃၇၂၉၇၉၊ ၀၁ ၃၇၂၉၇၇၊ ၀၁ ၃၇၇၇၁၆ (သို့မဟုတ်) [email protected] အီးမေးလ်လိပ်စာမှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

1Myanmar Ministry of Information, 27 April 2020, Overcoming as One: COVID-19 Economic Relief Plan
2The Global New Light of Myanmar, 4 April 2019, SMEs are integral to the economic growth of Myanmar