KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ အကျိုးစီးပွား တိုးတက်စေရေးအတွက် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုအသစ် ပေးအပ်မည်

  • KBZPay မိတ်ဖက်လုပ်ငန်းများသည် ကာလတို ငွေကြေးထောက်ပံ့မှုစနစ်မှ အကျိုးကျေးဇူးများစွာ ရရှိနိုင်ပြီး လုပ်ငန်းငွေ လည်ပတ်မှု ပိုမို ချောမွေ့အဆင်ပြေနိုင်သည်။
  • လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှု လျှောက်ထားသည့်အဆင့်တွင် အပေါင်ပစ္စည်း ပြသရန် မလိုအပ်ပါ။
  • အတိုးနှုန်း သက်သာပြီး ချေးငွေဆပ်ရန် ကြာချိန်ကို စိတ်ကြိုက်ရွေးချယ်နိုင်သည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက်နေ့ – KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များအတွက် လုပ်ငန်းငွေ လည်ပတ်မှု ပိုမိုချောမွေ့အဆင်ပြေစေရေး အထောက်အကူပေးနိုင်ရန် KBZPay လွယ်ကူထုတ်ယူချေးငွေ ဟု ခေါ်ဆိုသည့် ကာလတို ငွေကြေးထောက်ပံ့မှုစနစ် ဝန်ဆောင်မှုအသစ်ခုကို စတင် မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်မှုအသစ်ကို အသုံးပြု၍ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များမှာ သုံးစွဲသူများအတွက် ပိုမို ကောင်းမွန်စွာ ဝန်ဆောင်ပေးနိုင်ပြီး ၎င်းတို့၏ အကျိုးစီးပွားတိုးတက်စေရန် လုပ်ကိုင်ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ အားလုံး ပါဝင်အသုံးပြု နိုင်သည့် ဘဏ္ဍာရေးစနစ်တစ်ခု ဖန်တီးပေးနိုင်ရန် ရည်ရွယ်၍ လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုကို KBZPay မိတ်ဖက် လုပ်ငန်းတိုင်း အပေါင်ပစ္စည်း၊ အာမခံသူနှင့် လျှောက်လွှာကြေး ရှိရန်မလိုဘဲ ငွေကျပ် (၃၀၀,၀၀၀) အထိ ချက်ချင်းရယူ အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် KBZPay မိတ်ဖက်လုပ်ငန်းများအတွက် ရယူနိုင်သော ငွေပမာဏကို ငွေကျပ် (၂,၅၀၀,၀၀၀) အထိ တိုးမြှင့်နိုင်မည့် အခြား အခွင့်အလမ်းများလည်း ပေးအပ်ထားပါသည်။ မည်သည့် ကမ္ဘောဇဘဏ် ဘဏ်ခွဲတွင်မဆို အချိန်အနည်းငယ်ပေးရုံဖြင့် ချေးငွေလျှောက်ထားနိုင်ပြီး အတည်ပြုပြီး လျှောက်ထားသူများမှာ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app အတွင်းရှိ လွယ်ကူထုတ်ယူချေးငွေ လုပ်ဆောင်ချက်ကို အသုံးပြု၍ မိမိ လိုအပ်သည့် ငွေပမာဏကို ထုတ်ယူအသုံးပြုနိုင်မည် ဖြစ်သည်။

လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုကို လုပ်ငန်းငွေလည်ပတ်ရာတွင် အခက်အခဲရှိနေသည့် KBZPay မိတ်ဖက် လုပ်ငန်းများ တိုးပွားလာနေမှုအပေါ် ကူညီဖြေရှင်းပေးရန် ရည်ရွယ်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ပါသည်။ အဆိုပါ အချက်ကိုကြည့်ခြင်းအားဖြင့် KBZPay မိတ်ဖက်လုပ်ငန်းများ၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်တွင် ငွေ အလုံအလောက် ထားရှိရန် လိုအပ်နေခြင်းသည် KBZPay အသုံးပြုသူများအတွက် ‘ငွေသွင်း’ ၊ ‘ငွေထုတ်’ နှင့် ‘မိုဘိုင်းပိုက်ဆံအိတ် အချင်းချင်း ငွေလွှဲနိုင်သည့် (P2P)’ လုပ်ဆောင်ချက်များကို ဆောင်ရွက်ပေးရန် အခက်အခဲများ ရှိခဲ့ကြောင်း ပြသနေခြင်း ဖြစ်ပါသည်။ လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုသည် KBZPay မိတ်ဖက်လုပ်ငန်းများ ထုတ်ယူအသုံးပြုလိုက်သည့် ငွေ ပမာဏအပေါ်တွင်သာ နေ့စဉ် အတိုးရယူပြီး လုပ်ငန်း အခြေအနေအလိုက် မိမိ နှစ်သက်သလို ပြန်လည်ပေးသွင်းနိုင်သော ကြောင့် အလွန် အဆင်ပြေလွယ်ကူမှု ရှိပါသည်။ ချေးငွေရယူပြီး တစ်ရက်အကြာတွင် ပြန်လည်ပေးသွင်းမှု စတင်နိုင်ပြီး တစ်လအတွင်း ပြန်လည်ပေးသွင်းရမည် ဖြစ်သည်။

၂၀၁၉ ခုနှစ်၊ မေလတွင် လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုကို စတင် စမ်းသပ်ဝန်ဆောင်မှုပေးခဲ့ရာ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်ပေါင်း (၂,၉၁၇) ဦးမှာ ချေးငွေပမာဏ စုစုပေါင်း (၁.၆၆) ဘီလီယံကျပ် ရယူခဲ့ကြပြီး ဖြစ်ပါသည်။ ရလဒ်အနေဖြင့် KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များမှာ KBZPay အသုံးပြုသူများအတွက် ငွေသွင်း၊ ငွေထုတ် လုပ်ဆောင်ချက်များ ပိုမို ပြုလုပ်ပေးနိုင်လာသောကြောင့် အမြတ်ငွေ တိုးတက်လာခဲ့သည်။ KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များမှာ ဖုန်းငွေဖြည့်ခြင်းနှင့် ပြည်တွင်းငွေလွှဲ၊ ငွေထုတ် စသည့် ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာတွင် ရရှိသည့် ဝန်ဆောင်ခများဖြင့် အမြတ်ငွေ တိုးပွားလာခြင်း ဖြစ်ပါသည်။

KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကိုက “မြန်မာနိုင်ငံနေရာ အနှံ့အပြားမှာ ကျွန်တော်တို့ရဲ့ KBZPay ကိုယ်စားလှယ်နဲ့ ဆိုင်ရှင်ပေါင်း (၂၇၀,၀၀၀) ကျော်ရှိတဲ့အထဲက အများစုဟာ စီးပွားရေးလုပ်ကိုင်တဲ့နေရာမှာ အဆင်ပြေဖို့ အမြန်ရနိုင်တဲ့ ကာလတို ငွေကြေးထောက်ပံ့မှုတစ်ခု လိုအပ်နေကြပါတယ်။ ဒီ လွယ်ကူထုတ်ယူချေးငွေကို ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး တိုးတက်စေမယ့် “အရံသင့် ငွေကြေး” တစ်ခုလို ပေးအပ်ထား မှာဖြစ်လို့ ငွေအရင်းအနှီးတစ်ခုအနေနဲ့ လိုအပ်သလို စီမံခန့်ခွဲပြီး အသုံးပြုနိုင်ပါတယ်။ အခုဆိုရင် လွယ်ကူထုတ်ယူချေးငွေ ရယူဖို့ လျောက်ထားကြတဲ့ KBZPay ကိုယ်စားလှယ်တွေနဲ့ ဆိုင်ရှင်တွေ ပိုများလာတာ တွေ့နေရပြီး ထောင်ပေါင်းများစွာ ရှိတဲ့ မိတ်ဖက်တွေကို သူတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေ အဆင်ပြေပြေ လည်ပတ်နိုင်အောင်၊ စားသုံးသူတွေကို အကောင်း ဆုံးဝန်ဆောင်မှုတွေပေးနိုင်အောင် ကူညီပေးနိုင်ဖို့မျှော်လင့်ပါတယ်။ KBZPay ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှုတွေများများ လုပ်ပေးနိုင်မယ်ဆိုရင် သူတို့အတွက် ဝန်ဆောင်ခတွေ ပိုပြီး ရလာရုံတင်မကဘဲ ပိုများတဲ့ ချေးငွေပမာဏကို ရရှိနိုင်လာမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူတို့လုပ်ငန်းတွေ ပိုပြီး တိုးတက်လာအောင် ချဲ့ထွင်လို့ရပါတယ်။ ကျွန်တော်တို့ မိတ်ဖက်တွေရဲ့ စီးပွားရေးလုပ်ငန်း အောင်မြင်မှုက ကျွန်တော်တို့ရဲ့ အောင်မြင်မှုပါပဲ” ဟု ပြောသည်။

KBZPay လွယ်ကူထုတ်ယူချေးငွေ လျှောက်ထားပုံနှင့် စည်းကမ်းချက်များ

KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များသည် ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲပေါင်း (၅၀၀) အတွင်း မည်သည့်ဘဏ်ခွဲ တွင်မဆို လွယ်ကူထုတ်ယူချေးငွေ ရယူရန် အခမဲ့ လျောက်ထားနိုင်ပါသည်။ ဘဏ်ခွဲတွင် KBZPay မိတ်ဖက်တစ်ဦး ဖြစ်ကြောင်း အထောက်အထား ပြသရန်နှင့် လျောက်ထားလိုသည့် ချေးငွေပမာဏကို သိရှိနိုင်ရန် လျှောက်လွှာတစ်ခု ဖြည့်ရမည် ဖြစ်ပါသည်။ ထုတ်ယူနိုင်မည့် ချေးငွေပမာဏကို လျောက်ထားသူ၏ ယခင်က ပြုလုပ်ခဲ့သည့် KBZPay  ငွေသွင်း၊ ငွေထုတ် ဝန်ဆောင်မှု ပမာဏပေါ် မူတည်၍ တွက်ချက်ဆုံးဖြတ်ပေးမည် ဖြစ်ပါသည်။

ချေးငွေပေးအပ်ရန် စစ်ဆေးအတည်ပြုပြီးပါက ဒစ်ဂျစ်တယ်စနစ်ဖြင့် ချေးငွေထုတ်ယူခွင့် e-credit တစ်နှစ်စာ ရရှိမည်ဖြစ်ပြီး တစ်လချင်း ပြန်လည်ပေးသွင်းနိုင်မည် ဖြစ်ပါသည်။ အတိုးနှုန်းမှာ (၁၃) ရာခိုင်နှုန်းဖြစ်ပြီး မိမိ ထုတ်ယူလိုက် သည့် e-credit ချေးငွေပမာဏအပေါ်တွင်သာ အတိုးနှုန်း တွက်ချက်သွားမည် ဖြစ်ပါသည်။ ထုတ်ယူနိုင်မည့် ချေးငွေ ပမာဏသည် KBZPay ကိုယ်စားလှယ်နှင့် ဆိုင်ရှင်များ၏ လစဉ် တိုးတက်လာသည့် ငွေအသွင်း၊ အထုတ် ဝန်ဆောင်မှု အရေအတွက်နှင့် သတ်မှတ်ရက်အတွင်း ချေးငွေ မှန်မှန်ပြန်လည်ပေးသွင်းမှုတို့အပေါ် မူတည်၍ တိုးမြင့်လာနိုင်မည် ဖြစ်သည်။

လွယ်ကူထုတ်ယူ ဒစ်ဂျစ်တယ်ချေးငွေ ရယူအသုံးပြုပုံနှင့် ပြန်လည်ပေးသွင်းပုံ အဆင့်ဆင့်မှာ အောက်ပါ ဥပမာ အတိုင်း ဖြစ်ပါသည်။

၁) KBZPay ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်နီလာသည် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလတွင် လွယ်ကူသက်သာ ဒစ်ဂျစ်တယ်ချေးငွေ ကျပ် (၃၀၀,၀၀၀) အထိ ထုတ်ယူနိုင်ခွင့် ရရှိခဲ့သည်။ သူမ ထုတ်ယူနိုင်မည့် ဒစ်ဂျစ်တယ်ချေးငွေ လက်ကျန်ပမာဏကို သူမ၏ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app ရှိ Quick Access Loan လုပ်ဆောင်ချက်တွင် စစ်ဆေး နိုင်ပါသည်။

၂) တစ်ရက်တွင် KBZPay အသုံးပြုသူတစ်ဦးသည် ဒေါ်နီလာအား အခြား အသုံးပြုသူတစ်ဦး၏ KBZPay မိုဘိုင်း ပိုက်ဆံအိတ်သို့ ကျပ် (၅၀,၀၀၀) လွဲပေးရန် တောင်းဆိုလာပါသည်။ ဒေါ်နီလာ၏ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app တွင် လက်ကျန်ငွေ အလုံအလောက် မရှိသောကြောင့် သူမ၏ ဒစ်ဂျစ်တယ်ချေးငွေအတွင်းမှ ထုတ်ယူပြီး  ငွေလွှဲပေးလိုက်ပါ သည်။ ဒေါ်နီလာအနေဖြင့် အသုံးပြုသူထံမှ ငွေသားပေးချေမှုကို လက်ခံရရှိပြီး သူမ၏ ဒစ်ဂျစ်တယ်ချေးငွေအတွင်း လက်ကျန်ငွေ ပမာဏမှာ ကျပ် (၂၅၀,၀၀၀) ဖြစ်သွားမည် ဖြစ်ပါသည်။ သို့သော်လည်း ငွေလွဲဝန်ဆောင်မှု ပေးအပ် လိုက်သည့်အတွက် ဝန်ဆောင်ခကို ဒေါ်နီလာမှ လက်ခံရရှိခဲ့ပါသည်။

၃) ရက်အနည်းငယ်ကြာသောအခါ ဒေါ်နီလာသည် သူမ၏ စတိုးဆိုင်တွင် ကုန်ပစ္စည်းများ ဝယ်ယူသူတစ်ဦးထံမှ  ငွေကျပ် (၈၀,၀၀၀) အား KBZPay မှတဆင့် ငွေပေးချေမှုကို လက်ခံရရှိပါသည်။

၄) ထို့နောက် ဒေါ်နီလာသည် သူမ၏ မိုဘိုင်းပိုက်ဆံအိတ်အတွင်း ဝင်လာသောဝင်ငွေကို လွန်ခဲ့သည့် ရက်အနည်း ငယ်က ထုတ်ယူအသုံးပြုခဲ့သည့် ဒစ်ဂျစ်တယ်ချေးငွေအား ပြန်လည်ပေးသွင်းရန် ဆုံးဖြတ်လိုက်ပါသည်။ KBZPay မိတ်ဖက်လုပ်ငန်းရှင်သုံး app အတွင်းရှိ Quick Access Loan လုပ်ဆောင်ချက်ကို အသုံးပြု၍ နေ့စဉ် အနည်းငယ်သာ ကောက်ခံသည့် အတိုးနှုန်းနှင့်အတူ ထုတ်ယူထားသော ချေးငွေကို ပြန်လည်ပေးသွင်းခဲ့ပါသည်။ ပေးသွင်းအပြီးတွင် သူမ၏ ဒစ်ဂျစ်တယ်ချေးငွေ လက်ကျန်ငွေမှာ ငွေကျပ် (၃၀၀,၀၀၀) အဖြစ် ပြန်လည်ရရှိ ခဲ့ပါသည်။

KBZPay ကိုယ်စားလှယ်များနှင့် ဆိုင်ရှင်များသည် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ မိမိတို့၏ ကမ္ဘောဇ ဘဏ် ငွေစုအကောင့်နှင့် ချိတ်ဆက်၍လည်းကောင်း၊ နီးစပ်ရာ ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲသို့သွားရောက်၍ ငွေသားပေးသွင်း ၍လည်းကောင်း ငွေဖြည့်နိုင်ပါသည်။ အဆင်ပြေလွယ်ကူသည့် ချေးငွေလျှောက်ထားမှု၊ ထုတ်ယူအသုံးပြုနှင့် ပြန်လည်ပေး သွင်းမှု လုပ်ငန်းစဉ်များအပြင် KBZPay မိတ်ဖက်များသည် KBZPay အဖွဲ့သားများ၏ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကူညီ ပံ့ပိုးပေးမည့် အထူးအသုံးပြုသူ ဝန်ဆောင်မှုကို ရရှိနိုင်မည် ဖြစ်သည်။

“ကျွန်မရဲ့လုပ်ငန်းအတွက် KBZPay ကနေ လွယ်ကူထုတ်ယူချေးငွေ ဝန်ဆောင်မှုနဲ့ ပံ့ပိုးကူညီပေးတဲ့အတွက် အရမ်း ဝမ်းသာပါတယ်။ လွယ်ကူထုတ်ယူချေးငွေက လျှောက်ရတာလွယ်တဲ့အပြင် ဝန်ဆောင်ခဆိုပြီး ပေးစရာလည်း မလိုဘူး။ ချေးငွေလျှောက်ပြီး ရက်နည်းနည်းအကြာမှာ ကျွန်မ လျှောက်ထားတဲ့ပမာဏကို ဒစ်ဂျစ်တယ်ချေးငွေပုံစံ e-credit နဲ့ ထုတ်လို့ရပါပြီ ဆိုတာ အကြောင်းကြားပါတယ်။ သိသိချင်း ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့သွားသလို စိတ်အေး သွားပါတယ်။ အခုဆို KBZPay သုံးတဲ့သူတွေ လိုအပ်တဲ့အချိန်တိုင်း ဒစ်ဂျစ်တယ်ချေးငွေကနေ ထုတ်ပြီး ဝန်ဆောင်ပေး နိုင်တော့မယ်လေ။ ခုတလောကတင် KBZPay သုံးတဲ့သူတစ်ယောက် အိမ်ကို အရေးပေါ်ငွေပို့ဖို့အတွက် ဒစ်ဂျစ်တယ်  ချေးငွေသုံးပြီး ငွေလွှဲပေးလိုက်ရသေးတယ်။ တစ်ကယ်လို့ အဲဒီ့အချိန် ကျွန်မမှာ ဒစ်ဂျစ်တယ်ချေးငွေသာ မရှိခဲ့ရင် ဒီလို အသုံးပြုသူတစ်ယောက်ကို လက်လွှတ်လိုက်ရမှာပါ။ သူ့ဆီကနေရတဲ့ ငွေသားကို နောက်နေ့ ဒစ်ဂျစ်တယ်ချေးငွေထဲ ပြန်ဖြည့်လိုက်တော့ အတိုးလည်း ပေးစရာမလိုတော့ဘူးပေါ့” ဟု ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်အတွင်း စားသောက်ဆိုင် တစ်ဆိုင် ဖွင့်လှစ်ထားသည့် KBZPay ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ဒေါ်တင်တင်ချို ကပြောသည်။

လာမည့် ရက်သတ္တပတ်များတွင် KBZPay အဖွဲ့သားများသည် မြန်မာနိုင်ငံအနှံ့အပြားရှိ ကိုယ်စားလှယ်များ နှင့် ဈေးဆိုင်များသို့သွားရောက်ပြီး လွယ်ကူထုတ်ယူချေးငွေအား မိတ်ဆက်ရှင်းလင်းပေးမည် ဖြစ်ပါသည်။ KBZPay ကိုယ်စားလှယ်များနှင့် ဈေးဆိုင်များအနေဖြင့် KBZPay လွယ်ကူထုတ်ယူချေးငွေအကြောင်း အသေးစိတ်သိရှိလိုပါက KBZPay အဖွဲ့ဖုန်း – ၃၂၁၂  သို့ ဆက်သွယ်၍ မေးမြန်းစုံစမ်းနိုင်ပါသည်။