KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့် YCDCဘေလ်များကို စတင် ပေးဆောင်နိုင်ပြီ

KBZPay အသုံးပြုသူများမှာ အက်ပလီကေးရှင်းအတွင်းရှိ ရိုးရှင်းလွယ်ကူသည့် အဆင့် အနည်းငယ်ဖြင့် ပေးဆောင်ရန်ရှိသော အထွေထွေခွန်၊ မီးခွန်၊ ရေခွန်၊ အမှိုက်နှင့် အညစ်အကြေးခွန် များကို သက်သောင့်သက်သာဖြင့် အဆင်ပြေချောမွေ့စွာ ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၇ ရက် – မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည့် KBZPay က အသုံးပြုသူများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ (YCDC) သို့ ပေးဆောင်ရမည့် အခွန်အခ အမျိုးမျိုးအား အဆင်ပြေချောမွေ့စွာဖြင့် အလွယ်တကူပေးဆောင်နိုင်ရန် YCDC ဘေလ် လုပ်ဆောင်ချက်အသစ် တစ်ခုကို ထည့်သွင်းလိုက်ပြီ ဖြစ်ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ အားပေးကူညီမှုဖြင့် စက်တင်ဘာလ ၆ ရက်နေ့တွင် YCDC နှင့် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီး YCDC ဘေလ်ပေးဆောင်ရန် ဝန်ဆောင်မှုများကို ဆောင်ရွက်ပေးနိုင်သည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံး မိုဘိုင်းပိုက်ဆံအိတ်တစ်ခု ဖြစ်လာခဲ့ပြီး အဆိုပါ လုပ်ဆောင်ချက်အသစ်ကို KBZPay အက်ပလီကေးရှင်းတွင် စတင်အသုံးပြုနိုင်ပြီ ဖြစ်သည်။ ရန်ကုန်မြို့တွင် နေထိုင်လျက်ရှိသော KBZPay အသုံးပြုသူများသည် ၎င်းတို့၏ မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့် စည်ပင်မြေငှားရမ်း အသုံးပြုရာတွင် ပေးဆောင်ရန်ရှိသော ဘေလ်များ၊ မြေခွန်၊ ပစ္စည်းခွန်၊ အထွေထွေခွန်၊ မီးဖိုချောင်ထွက်အမှိုက်ခွန် အပါအဝင် ကိုယ်ပိုင်စီးပွားရေးနှင့် ဆေးရုံမှထွက်သည့် အမှိုက်နှင့် အညစ် အကြေးခွန်များကို စတင် ပေးဆောင်နိုင်ပြီ ဖြစ်ပါသည်။

YCDC ဘေလ်ဆိုသည်မှာ မြေယာပိုင်ရှင်များ၊ လူနေအိမ်များနှင့် ကုမ္ပဏီလုပ်ငန်းများအတွက် လစဉ်ပုံမှန် ပေးဆောင်ရန် လိုအပ်သော ဘေလ်များဖြစ်သည့်အလျောက် KBZPay အသုံးပြုခြင်းအားဖြင့် အဆိုပါ ပေးဆောင်ရသည့် လုပ်ငန်းစဉ်ကို ပိုမို လျှင်မြန်၊ လွယ်ကူ၊ တိကျစွာ ဆောင်ရွက်နိုင်ပြီ ဖြစ်သည်။ ယခုအခါ KBZPay အသုံးပြုသူများသည် YCDC ရုံးခန်းများသို့ သွားရောက်ရန် မလိုအပ်တော့ဘဲ ပေးဆောင်ရန်ရှိသည့် ဘေလ်များကို အချိန်မရွေး၊ နေရာမရွေး ပေးဆောင်နိုင်ပြီဖြစ်သောကြောင့် နောက်ဆုံးပေးဆောင်ရမည့်ရက် ကျော်လွန်သွားခြင်း မဖြစ်စေရန် ကူညီပေးလျက်ရှိပါ သည်။ ထို့အပြင် အသုံးပြုသူများအနေဖြင့် အဆိုပါ ဘေလ်များ ပေးဆောင်ရန် ငွေသားထုတ်ယူစရာ မလိုအပ်ခြင်း၊ ယခင် ပေးဆောင်မှုများ အားလုံးကို ပြန်လည်ကြည့်ရှုနိုင်ခြင်းနှင့် လစဉ်ကုန်ကျသည့် ဘေလ်များကို အလွယ်တကူ နှိုင်းယှဉ်စစ်ဆေးကြည့်နိုင်ခြင်းတို့ကြောင့် မိမိတို့၏ ဝင်ငွေ၊ ထွက်ငွေများကို စနစ်တကျ စီမံခန့်ခွဲနိုင်မည် ဖြစ်ပါသည်။

YCDC အနေဖြင့် KBZPay နှင့် ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်လိုက်ခြင်းသည် ဘေလ်ပေးဆောင်မှု လုပ်ငန်းစဉ် များ အဆင်ပြေချောမွေ့ရေး၊ ပိုမို ထိရောက်မှုရှိစွာ ဆောင်ရွက်နိုင်ရေးအပြင် အထူးအရေးကြီးသောအချက်ဖြစ်သည့် ပေးဆောင်ရန် သတ်မှတ်ထားသည့် အခွန်အခများ ကောက်ခံရရှိမှုပမာဏ တိုးပွားလာရေး တို့အား တိုးမြှင့်လုပ်ဆောင် ပေးနိုင်မည့် ငွေသားမဲ့ ငွေပေးချေမှုစနစ် အကောင်အထည်ပေါ်ပေါက်လာရန် အလေးထား ဆောင်ရွက်နေကြောင်း ထင်ရှားစွာ ပြသလိုက်ခြင်း ဖြစ်ပါသည်။ YCDC အနေဖြင့် ရှေးယခင်ကပင် သတ်မှတ်ထားသော အခွန်အခများ ကောက်ခံမှု လုပ်ငန်းစဉ်တွင် ဝန်ထမ်းတစ်ဦးချင်းစီက အိမ်တိုင်ရာရောက် ဘေစာရွက်များအား ပို့ဆောင်ပေးရခြင်းကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပြီး အဆိုပါ အခက်အခဲများကြောင့် မြို့တော်စည်ပင်သာယာဖွံ့ဖြိုးရေး လုပ်ငန်းတာဝန်များ ဆောင်ရွက်ရန် ရန်ပုံငွေ လျာထားရာတွင် အကျိုးသက်ရောက်မှုများ ရှိနေခဲ့သည်။ ယခုအခါ KBZPay မှတစ်ဆင့် ဘေလ်များ ကောက်ခံနိုင်ပြီဖြစ်သောကြောင့် ရန်ကုန်မြို့နေ ပြည်သူများအား YCDC သို့ ပေးဆောင်ရန်ရှိသော ဘေလ်များကို အချိန်မီ ပေးဆောင်ကြရန် တိုက်တွန်းအားပေးနိုင်ပြီ ဖြစ်ပါသည်။ ထို့အပြင် KBZPay မှတစ်ဆင့် ငွေသားမဲ့ ဘေလ်ပေးဆောင်မှုများ ပြုလုပ်နိုင်ခြင်းကြောင့် YCDC အနေဖြင့် ငွေကြေးစီမံခန့်ခွဲမှု ပြုလုပ်ခြင်း၊ ကောက်ခံရရှိသော ဘေလ်များအား မှတ်သားခြင်းနှင့် ဘေလ်ပေးဆောင်ရာတွင် တစ်စုံတစ်ရာ နားလည်မှုလွဲမှားခြင်း စသည်တို့နှင့် ဆက်စပ် သည့် အခက်အခဲများကို လျှော့ချပေးနိုင်မည် ဖြစ်သည်။

KBZPay ၏ Head of Agent Banking ဖြစ်သူ ဦးစိုးကိုကို က “KBZPay က ပြည်သူတွေကို နေ့စဉ်သုံး ငွေကြေး ဝန်ဆောင်မှုတွေ ရယူအသုံးပြုနိုင်အောင် အစွမ်းကုန် ကြိုးစားဆောင်ရွက်ပေးနေပြီး လွန်ခဲ့တဲ့ တစ်နှစ်ကျော်ကစလို့ အသုံးပြုသူတွေက အခက်အခဲမရှိ မြန်မြန်ဆန်ဆန် ဘေလ်ဆောင်နိုင်ဖို့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်တွေကို ပိုပြီးသုံးလာ ကြတာ တွေ့ရပါတယ်။ လက်ရှိ ကျွန်တော်တို့ရဲ့ QuickPay လုပ်ဆောင်ချက်က တက္ကသိုလ်အပါအဝင် ကုမ္ပဏီများ နဲ့ အဖွဲ့အစည်းပေါင်း (၉၀) ကျော်အတွက် ငွေပေးချေမှုတွေ လုပ်နိုင်တဲ့ချိန်မှာ YCDC ဘေလ် လုပ်ဆောင်ချက် အသစ်က အသုံးပြုသူတွေကို YCDC ဘေလ်ပေးဆောင်ရာမှာ လွယ်လင့်တကူ အသုံးပြုနိုင်တဲ့အပြင် လုံခြုံစိတ်ချမှု ရှိအောင် ဆောင်ရွက်ပေးမှာပါ။ ဘေလ်ကောက်ခံ၊ ပေးဆောင်ရာမှာ YCDC ရဲ့ ပေးဆောင်မှု အရေအတွက် အများဆုံးနဲ့ အရေးအကြီးဆုံး ကောက်ခံဖို့လိုတဲ့ နေရာတွေကို ဝန်ဆောင်ပေးပြီး ဘေလ်ဆောင်မယ့်သူတွေ ပိုပြီး အဆင်ပြေအောင် ပံ့ပိုး ကူညီပေးနိုင်တဲ့အတွက် ကျွန်တော်တို့ ဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ လာမယ့်နှစ်တွေအတွင်းမှာ ငွေသားမဲ့ ငွေပေးချေမှု စနစ်တွေရဲ့ အနာဂတ်ကို ဆက်ပြီး ဖန်တီးပုံဖော်ပေးနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားသွားမှာပါ” ဟု ပြောသည်။

ဇွန်လတွင် ပညာရေးဝန်ကြီးဌာန၏ အဆင့်မြင့်ပညာဦးစီးဌာနမှ တက္ကသိုလ်ကျောင်းများနှင့် ကောလိပ်ကျောင်း များအား ကျောင်းလခပေးချေမှုများကို KBZPay အသုံးပြု၍ လက်ခံဆောင်ရွက်ရန် ညွှန်ကြားချက်ထုတ်ပြန်ပြီးနောက် YCDC ဘေလ်များပေးဆောင်ရန်အတွက် “YCDC ဘေလ်” လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်လိုက်ခြင်း ဖြစ်ပါသည်။ မကြာသေးမီ လများအတွင်း MMBusTicket ၊ Fortune Broadband ၊ BMF Microfinance နှင့် iMyanmarHouse.com တို့ အပါအဝင် ကုမ္ပဏီပေါင်းများစွာအား KBZPay ဖြင့် ငွေပေးချေနိုင်မည့် ကုမ္ပဏီများစာရင်းတွင် ထည့်သွင်းနိုင်ခဲ့ပါသည်။

KBZPay စာရင်းသွင်း အကောင့်ဖွင့်နည်း

KBZPay သည် နေ့စဉ်ဝယ်ယူမှုများ ဆောင်ရွက်နိုင်ရန်နှင့် သုံးစွဲသူများမှ ဘဏ်အထိ လူကိုယ်တိုင်သွား ရောက်ရန်မလိုဘဲ မိမိငွေများကို အဆင်ပြေလွယ်ကူပြီး လုံခြုံစိတ်ချစွာ စီမံခန့်ခွဲနိုင်စေရန် ဆောင်ရွက်ပေးပါသည်။ လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT ၊ Telenor ၊ Ooredoo နှင့် MyTel မိုဘိုင်းဖုန်းနံပါတ် အသုံးပြုထားသော စမတ်ဖုန်းတစ်လုံးရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ် နိုင်သည်။ ပထမဦးစွာ KBZPay အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် Apple App Store သို့မဟုတ် www.kbzpay.com တွင် ဒေါင်းလုဒ်ပြုလုပ်ရမည် ဖြစ်သည်။

KBZPay ၏ အခြေခံဝန်ဆောင်မှုများ ရယူရန်အတွက် အသုံးပြုသူသည် အဆင့် (၁) အကောင့်အသစ်ဖွင့်ရန် အချိန် (၂) မိနစ်သာ လိုအပ်ပါသည်။ သာမန် ကိုယ်ရေးအချက်အလက်များဖြစ်သော မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင် အမှတ်၊ ဖုန်းနံပါတ်နှင့် အကောင့်အသုံးပြုရန် လျှို့ဝှက်ကုဒ်နံပါတ်တစ်ခု ထည့်သွင်းပေးပြီး အကောင့်တစ်ခု စတင် ပြုလုပ်ရမည် ဖြစ်သည်။ ကမ္ဘောဇဘဏ်အကောင့်နှင့် ချိတ်ဆက်ခြင်း အပါအဝင် အခြေခံ သတ်မှတ်ထားသည့် ငွေကြေးပမာဏထက် ပိုမို များပြားစွာ ထည့်သွင်းအသုံးပြုနိုင်ခြင်း စသည့် KBZPay ၏ ဝန်ဆောင်မှုများ အားလုံးကို အပြည့်အဝ အသုံးပြု နိုင်ခွင့် ရရှိစေရနိုင်ရန်အတွက် မိမိတို့နှင့် အနီးဆုံး ကမ္ဘောဇဘဏ်ခွဲ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ထံသို့ သွားရောက်၍ နိုင်ငံသားမှတ်ပုံတင်ကတ်ဖြင့် သေချာစွာစစ်ဆေးစာရင်းပေးသွင်းပြီး အဆင့် (၂) သုံးစွဲသူအဖြစ် အဆင့်မြင့်တင်နိုင်ပါသည်။ ကမ္ဘောဇဘဏ်၏ ဝန်ထမ်းများအားလုံးသည် အချိန်မရွေး၊ နေရာမရွေး သုံးစွဲသူ၏ မိုဘိုင်း ပိုက်ဆံအိတ်အား အဆင့် (၁) မှ အဆင့် (၂) သို့ အဆင့်မြင့်ပေးနိုင်ပါသည်။ သုံးစွဲသူများသည် KBZPay အက်ပလီကေးရှင်းသို့ ငွေသွင်းနိုင်ရန် ၎င်းတို့၏ ကမ္ဘောဇဘဏ်အကောင့်ဖြင့် ချိတ်ဆက် အသုံးပြုနိုင်ပါသည်။

KBZPay ၏ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရန် စိတ်ပါဝင်စားသူများအနေဖြင့် ကမ္ဘောဇဘဏ်အဖွဲ့သို့ [email protected] သို့မဟုတ် +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။