ကမ္ဘောဇဘဏ်၏ မျိုးဆက်သစ် ခေါင်းဆောင်များ ဦးစီးဆောင်ရွက်လျက်ရှိသည့် အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အား ဖော်ထုတ်ပြသ

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီ ၃ ရက်နေ့ – မြန်မာနိုင်ငံသည် ကမ္ဘာ့တစ်ဝန်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး နိုင်ငံများအတွင်း ပါဝင်လာသည်နှင့်အညီ ကမ္ဘောဇဘဏ်အနေဖြင့် ဒေသခံပြည်သူများ၏ ဘဝနေထိုင်မှု အဆင့်အတန်း ပိုမို  မြင့်မားလာစေရန်၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး တိုက်တွန်းအားပေးရန်နှင့် နိုင်ငံ၏ ဘဏ်လုပ်ငန်း ဂေဟစနစ် ပိုမို အဆင်ပြေချောမွေ့လာစေရန် လိုအပ်သည့် အသွင်ကူးပြောင်းမှုများကို အရှိန်အဟုန်ဖြင့် ဆက်လက် ကြိုးပမ်းဆောင်ရွက် သွားမည် ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ကမ္ဘောဇဘဏ်သည် ဘဏ်ဝန်ဆောင်မှု ရယူသူများ အတွက် ခိုင်ခိုင်မာမာ ရပ်တည်၍ တစ်စိုက်မတ်မတ် ဝန်ဆောင်မှုပေးခဲ့ရာမှ မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ် ဖြစ်လာခဲ့သည်။ လက်ရှိ နည်းပညာခေတ်မှသည် နောင်လာမည့် ဆယ်စုနှစ်များအထိ မြန်မာနိုင်ငံနှင့် ဒေသခံပြည်သူများ၏ လိုအပ်ချက်များကို ဆက်လက် ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်၍ ကမ္ဘောဇဘဏ်၏ သမိုင်းကြောင်းတစ်လျောက် အကြီးမားဆုံး ရည်မှန်းချက်ဖြင့် အလုံးစုံ အသွင်ကူးပြောင်းမှု စီမံကိန်းကြီးကို မကြာသေးမီက စတင် အကောင်အထည်ဖော် ခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ အသွင်ကူးပြောင်းမှု လုပ်ငန်းစဉ်အဆင့်ဆင့်တွင် ခေါင်းဆောင်ပိုင်း၊ လုပ်ငန်းလည်ပတ်ပုံနှင့် ဝန်ဆောင်မှု များ စသည့် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အပါအဝင် အခန်းကဏ္ဍ အစီအစဉ်မျိုးစုံ ပါရှိရာ မျိုးဆက်သစ် ဘဏ်လုပ်ငန်းစနစ် တစ်ခု ထွန်းကားလာစေရန်နှင့် မိုဘိုင်းဦးစားပေး မြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဆိုင်ရာ ချိတ်ဆက်မှုများကို ပုံဖော်နိုင်မည့် တီထွင်ဆန်းသစ်သော နည်းပညာများ ဖန်တီးပေးရန် ဦးစားပေး ဆောင်ရွက်သွားမည် ဖြစ်သည်။ အဆိုပါ အသွင်ကူးပြောင်း မှုလုပ်ငန်းစဉ်များအား အဓိက ဦးဆောင်သွားမည့်သူများမှာ ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mike DeNoma နှင့် ခေါင်းဆောင်ပိုင်း အမျိုးသမီး အကြီးအကဲ အသစ်များဖြစ်သည့် ဒုတိယ အမှုဆောင်အရာရှိချုပ် ဒေါ်နန်းလိုင်ခမ်းနှင့် ဒေါ်နန်းခမ်းနောင် တို့ဖြစ်ပါသည်။

စီမံအုပ်ချုပ်မှုဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များအဖြစ် အကြီးတန်း အုပ်ချုပ်မှု ဒါရိုက်တာ ဖြစ်သူ ဦးဇော်လင်းအောင်၊ စီမံခန့်ခွဲရေး အရာရှိချုပ်ဖြစ်သူ Manikantan Venkataramani ၊ ဘဏ္ဍာရေး အရာရှိချုပ်ဖြစ်သူ Muniandy R Krishnan ၊ Head of People and Talent ဖြစ်သူ Tajinder Kumar ၊ Chief Risk Officer ဖြစ်သူ John Byrne ၊ Head of Wholesale Banking ဖြစ်သူ Stoney Hsia နှင့် Deputy Chief Information Officer ဖြစ်သူ ဦးစိုင်းလူမွန်အောင် တို့ကို အသီးသီး တာဝန်ခန့်အပ်ခဲ့ပါသည်။ ကမ္ဘာတစ်ဝန်းရှိ ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားသည့် ကမ္ဘောဇဘဏ်၏ ခေါင်းဆောင်ပိုင်း အဖွဲ့သည် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ဂေဟစနစ် တိုးတက်ဖွံ့ဖြိုးလာစေရေးအတွက် ဘေးကင်းလုံခြုံမှုရှိစေရေး၊ အတူတကွ လိုက်နာ  ဆောင်ရွက်စေရေးနှင့် ချိတ်ဆက်လုပ်ကိုင်နိုင်ရေး စသည့် အခြေခံအုတ်မြစ်များဖြင့် လမ်းကြောင်းတစ်ခု ပုံဖော်ဖန်တီးနေပြီ ဖြစ်ပါသည်။

ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများ၏ အချက်အလက်ကို စစ်ဆေးအတည်ပြုထားခြင်း

ကမ္ဘောဇဘဏ်သည် ယုံကြည်စိတ်ချနိုင်သော အဆင့်မြင့် ဘဏ္ဍာရေး ဂေဟစနစ်တစ်ခု ဖော်ဆောင်နိုင်ရန်အတွက် စေ့စပ် သေချာသည့် ငွေကြေးခဝါချမှုတိုက်ဖျက်ရေး (AML) လုပ်ဆောင်ချက်နှင့် မိမိတို့ ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများ၏ အချက်အလက်ကို စစ်ဆေးအတည်ပြုထားသည့် (KYC) အဆင့်များကို ထည့်သွင်းဆောင်ရွက်နေသည့် မြန်မာနိုင်ငံ၏ ပထမဦးဆုံးဘဏ် ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ ဘဏ်အကောင့်များအားလုံးကို KYC အဆင့်များဖြင့် တင်းကြပ်စွာ အတည်ပြု စစ်ဆေးလျက်ရှိပြီး ကမ္ဘောဇဘဏ်၏ ဝန်ဆောင်မှုအသုံးပြုသူများအတွင်း တရားမဝင် ကုန်သွယ်ဖောက်ကားမှု  ပြုလုပ်နေသူများ မပါဝင်နိုင်ရန် စိစစ်ဆောင်ရွက်လျက်ရှိသည်။

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့မှ ထုတ်ပြန်ထားသည့် AML လမ်းညွှန်ချက် များအားလုံးကို လိုက်နာဆောင်ရွက်လျက် ရှိပါသည်။ အဆိုပါ လုပ်ဆောင်ချက်များတွင် သတ်မှတ်ပမာဏထက် များပြားသည့် ငွေကြေးပမာဏ အစီရင်ခံခြင်း၊ သံသယဖြစ်ဖွယ် ငွေကြေးလုပ်ဆောင်ချက်များအတွက် အချိန်နှင့်တစ်ပြေးညီ အစီရင်ခံခြင်းနှင့် နိုင်ငံတကာအဆင့်မီ အဆင့်မြင့် AML နည်းပညာဆော့ဖ်ဝဲလ်များ ထည့်သွင်းအသုံးပြုခြင်းတို့ ပါဝင်သည်။

  • အချိန်နှင့်တစ်ပြေးညီ AML အစီရင်ခံခြင်း – AML လမ်းညွှန်ချက်များအရ သတ်မှတ်ပမာဏဖြစ်သော အမေရိကန် ဒေါ်လာ (၁၀,၀၀၀) ထက် များပြားသည့် ငွေကြေးပမာဏအား ငွေသားဖြင့်ဖြစ်စေ၊ အကောင့်တစ်ခုမှတစ်ခုဖြစ်စေ ဝင်ရောက်လာမည်ဆိုပါက ကမ္ဘောဇဘဏ်မှ အဆိုပါ ငွေကြေးလုပ်ဆောင်ချက်များ အားလုံးကို မြန်မာနိုင်ငံ  ငွေကြေးဆိုင်ရာ စုံစမ်းထောက်လှမ်းရေးအဖွဲ့သို့ အစီရင်စာဖြင့် တင်ပြပါသည်။ ထို့အပြင် တရားမဝင် ကုန်သွယ်မှု ကို ကာကွယ်နိုင်ရန် သံသယဖြစ်ဖွယ် ငွေလွှဲပြောင်းဝင်ရောက်မှု အစီရင်ခံစာကို အချိန်နှင့်တစ်ပြေးညီ တင်ပြလျက် ရှိပြီး AML ကြိုးပမ်းဆောင်ရွက်မှုများကို ပိုမို သတိရှိစွာဖြင့် တာဝန်သိသိ လုပ်ဆောင်သည့်အနေဖြင့် အဆိုပါ အစီရင်ခံစာ အရေအတွက်ကို တစ်ဖြည်းဖြည်း တိုးမြှင့်တင်ပြနိုင်ခဲ့သည်။
  • အဆင့်မြင့် AML ဆော့ဖ်ဝဲလ် – ယနေ့ နိုင်ငံတကာတွင် အသုံးပြုလျက်ရှိသည့် နည်းပညာ အဆင့်အမြင့်ဆုံး AML ဆော့ဖ်ဝဲလ်ဖြစ်သည့် Oracle Financial Services Analytical Applications (OFSAA) အား ထည့်သွင်း အသုံးပြုထားပါသည်။ OFSAA ကို ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်း ဘဏ္ဍာရေး အဖွဲ့အစည်းများတွင် ထည့်သွင်း အသုံးပြုလျက်ရှိပြီး AML လုပ်ဆောင်ချက်များအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ကြောင်း ယုံကြည်  ထောက်ခံထားကြပါသည်။ ကမ္ဘောဇဘဏ်အနေဖြင့် ပြည်တွင်းတွင် လိုအပ်နေသည့် AML ကြိုးပမ်းမှုများကို အကောင်းဆုံးဖြစ်စေရန်နှင့် ဘဏ်လုပ်ဆောင်ချက်များကို နိုင်ငံတကာ အဆင့်မီစေရန် OFSAA ထည့်သွင်း အသုံးချရာတွင် ရင်းနှီးမြုပ်နှံခဲ့သည်။

KBZPay အောင်မြင်စွာ စတင်မိတ်ဆက်နိုင်ခြင်း

ကမ္ဘောဇဘဏ်၏ စိတ်လှုပ်ရှားဖွယ် အကူးအပြောင်းသည် ဒစ်ဂျစ်တယ်အခန်းကဏ္ဍအတွင်း ဈေးကွက်ဦးဆောင်သူအဖြစ် တိုးချဲ့နိုင်ခဲ့ခြင်းကြောင့် ပိုမို ခရီးရောက်ခဲ့သည်။ မြန်မာနိုင်ငံ၏ ငွေသားမဲ့ ဘဏ္ဍာရေးစနစ်သို့ အကူးအပြောင်းတွင် ကမ္ဘောဇဘဏ်၏ mobile banking ဝန်ဆောင်မှုများနှင့် ဒစ်ဂျစ်တယ်နည်းအရ KYC အတည်ပြုစစ်ဆေးသည့် စနစ်တစ်ခု ထည့်သွင်းထားပြီး အချိန်မရွေး အသုံးပြုနိုင်သော e-wallet ပလက်ဖောင်းတစ်ခုဖြစ်သည့် KBZPay တို့ဖြင့် ဦးဆောင်ပံ့ပိုး နိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အားလုံးရယူ အသုံးပြုနိုင်မည့် ဘဏ္ဍာရေးစနစ်တစ်ခု ဖြစ်ပေါ်လာရန်ဟူသည့် ပြင်းပြသည့် မျှော်မှန်းချက် ပန်းတိုင်တစ်ခုဖြင့် KBZPay ကို ၂၀၁၈ ခုနှစ်၊ အောက်တိုဘာလတွင် စတင်မိတ်ဆက်ခဲ့ရာ လက်ရှိအချိန်တွင် အသုံးပြုသူ (၄) မီလီယံကျော်၊ အသေးစားလုပ်ငန်းရှင်များ၊ e-commerce ကုမ္ပဏီများ၊ e-gov ဝန်ဆောင်မှုများ၊ ပညာရေး အဖွဲ့ အစည်းများနှင့် လုပ်ငန်းရှင်များပါဝင်သည့် ကိုယ်စားလှယ်နှင့်ဈေးဆိုင်ပိုင်ရှင်ပေါင်း (၂၈၀,၀၀၀) ကျော် ရှိနေပြီ ဖြစ်ပါသည်။ KBZPay အသုံးပြုသူ ထက်ဝက်ခန့်မှာ ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် စသည့်နေရာများမှ မဟုတ်ဘဲ ပုံမှန်ငွေကြေး ဝန်ဆောင်မှု မရရှိသည့် နေရာများ (သို့မဟုတ်) အနည်းငယ်သာ ရရှိသည့်နေရာများမှ ဖြစ်သောကြောင့် ထိုဒေသများရှိ ပြည်သူများအထိ တိုးတက်ပျံ့နှံ့ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

ပျှမ်းမျှ နေ့စဉ် KBZPay အသုံးပြုသည့် ငွေကြေးလုပ်ဆောင်ချက်ပေါင်း (၃၀၀,၀၀၀) ခန့် ရှိနေပြီး လစဉ် ငွေကြေး လုပ်ဆောင်ချက် ပမာဏမှာ (၁၁) မီလီယံကျော်အထိ ရှိနေပြီဖြစ်သည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလအထိ ကာလအတွင်း KBZPay ဖြင့် ပြုလုပ်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များ၏ ငွေပမာဏမှာ အမေရိကန် ဒေါ်လာ (၃.၃) ဘီလီယံကျော် ဖြစ်ပါသည်။

ဘဏ်အများစုမှာ ယခင်ကတည်းက အသုံးပြုနေသည့် အခြေခံနည်းစနစ်များဖြင့် လည်ပတ်လျက် ရှိနေကြသေည်လည်း ကမ္ဘောဇဘဏ်သည် KBZPay မှတစ်ဆင့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေး ချိတ်ဆက်ပေါင်းစည်းမှုများကို ပိုမို ကျယ်ကျယ်ပြန့်ပြန့် ထိုးဖောက်နိုင်ရန် အရှိန်အဟုတ်ဖြင့် ဆောင်ရွက်လျက်ရှိပါသည်။ KBZPay အသုံးပြုသူများမှာ လုံခြုံစိတ်ချရပြီး မိုဘိုင်း အသုံးချနိုင်သော နည်လမ်းတစ်ခုဖြင့် ဒစ်ဂျစ်တယ်ဝန်ဆောင်မှုများကို ချိတ်ဆက်ရယူနိုင်ရန်နှင့် မိမိတို့ ငွေကြေးဆိုင်ရာ စီမံခန့်ခွဲနိုင်ရန် နေ့စဉ်သုံး မိတ်ဖက် အက်ပလီကေးရှင်းတစ်ခုအဖြစ် KBZPay ကို အသုံးပြုလျက်ရှိပါသည်။ တစ်ချိန်တည်း မှာပင် စွန့်ဦးတီထွင်လုပ်ငန်းရှင်များမှာ မိမိတို့၏ စီးပွားရေးလုပ်ငန်းကို တိုးချဲ့နိုင်ပြီး သန်းပေါင်းများစွာသော စားသုံးသူ များနှင့် ချိတ်ဆက်ရောက်ရှိနိုင်မည့် ပလက်ဖောင်းတစ်ခုအဖြစ် KBZPay ကို အသုံးပြုလျက် ရှိပါသည်။

ကမ္ဘောဇဘဏ်၏ လက်ရှိအချိန်အထိ အသွင်ကူးပြောင်းရန် ကြိုးပမ်းမှုများအတွက် အသိအမှတ်ပြုဆုများ

တီထွင်ဆန်းသစ်သည့် ဝန်ဆောင်မှုများ ဖန်တီးပေးရာတွင် ပြည်တွင်းထိပ်တန်းဘဏ်တစ်ခု ဖြစ်လာစေရန် ဦးတည်  လျောက်လှမ်းနေသည့် ကမ္ဘောဇဘဏ်၏ အသွင်ကူးပြောင်းမှုခရီးစဉ်တွင် တစ်ရှိန်ထိုး တိုးတက်လာသည့် အသွင်  ကူးပြောင်းမှုများအတွက် ကမ္ဘာ့ ဘဏ္ဍာရေးနယ်ပယ်ရပ်ဝန်းမှ အသိအမှတ်ပြုခဲ့ကြပြီး ဖြစ်သည်။ ၂၀၁၉ ခုနှစ်အတွင်း၊ ကမ္ဘောဇဘဏ်မှ လက်ခံရရှိခဲ့သော ဂုဏ်ပြုဆုများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

  • Asia Banking and Retail Banking Awards 2019 – မြန်မာနိုင်ငံတွင် အားလုံးပါဝင် အသုံးပြုနိုင်သော ဘဏ္ဍာရေးကဏ္ဍ ပေါ်ပေါက်လာရေး အကောင်းဆုံး ရှေ့ဆောင်လှုပ်ရှားသူဆု (Financial Inclusion Initiative of the Year: Myanmar)
  • Asia Banking and Finance Retail Banking Awards 2019 – မိုဘိုင်းဘဏ်စနစ် တိုးတက်ကောင်းမွန်ရေး အကောင်းဆုံး  ရှေ့ဆောင်လှုပ်ရှားသူဆု (Mobile Banking Initiative of the Year)
  • Asiamoney Banking Awards 2019 – အကောင်းဆုံး ပြည်တွင်းဘဏ်ဆု (Best Domestic Bank)
  • Asiamoney Banking Awards 2019 – အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆု (Best Digital Bank)
  • ကျန်းမာရေးကဏ္ဍ မြှင့်တင်လှုပ်ရှားမှု ဆု (Health Promotion Cetegory) အမျိုးအစားအောက်ရှိ Asia Responsible Enterprise Award (AREA) 2019 – Enterprise Asia မှ ချီးမြှင့်သည့် ၂၀၁၉ ခုနှစ်အတွက် AREA ဆုရှင်
  • Enterprise Asia International Innovation Award 2019 – မြန်မာနိုင်ငံ ကိုယ်စားပြုဆု
  • Euromoney Regional and Country Awards for Excellence 2019 – အကောင်းဆုံး ပြည်တွင်းဘဏ်ဆု (Best Domestic Bank: Myanmar)
  • Euromoney Regional and Country Awards for Excellence 2019 – အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆု (Best Digital Bank)
  • FinanceAsia Achievement Awards 2019 – မြန်မာနိုင်ငံ ကိုယ်စားပြုဆု
  • International Finance Award – တီထွင်ဆန်းသစ်မှုအရှိဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆု (Most Innovative Digital Bank)

ကမ္ဘောဇဘဏ်အနေဖြင့် ဒစ်ဂျစ်တယ်နည်းပညာ ဦးဆောင်လျက်ရှိသည့်ကမ္ဘာတွင် နိုင်ငံတကာအဆင့်မီ ဘဏ်တစ်ခုအဖြစ် အသွင်ကူးပြောင်းလျက်ရှိသောကြောင့် စည်းစနစ်ကျသည့် လုပ်ငန်းစု ဖွဲ့စည်းပုံတစ်ရပ်ကို ဖော်ဆောင်ပြီး အနာဂတ် အတွက် အသင့်ဖြစ်နေမည့် မြန်မာ့လုပ်သားအင်အားစုကို ဖန်တီးတည်ဆောက်သွားမည်ဖြစ်ပါသည်။ ထို့အပြင် အသေးစား နှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကဲ့သို့သော နိုင်ငံတော်တည်ထောင်ရေး အထောက်အကူပြု  ရှေရှည်စီမံကိန်းများတွင်လည်း တစ်တပ်တစ်အား ပါဝင်ကူညီပံ့ပိုးမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်၏ အသွင်ကူးပြောင်းမှု ခရီးစဉ်နှင့်ပတ်သက်ပြီး စိတ်ဝင်စားဖွယ်ရာ နောက်ဆုံးရအချက်အလက်များကို လာမည့်လများတွင် ထပ်မံ အသိပေး မျှဝေသွားမည် ဖြစ်ပါသည်။