ကမ္ဘောဇဘဏ်နှင့် London Business School တို့ ပူးပေါင်း၍ MBAကျောင်းသားများ ပြင်ပလုပ်ငန်းခွင် အတွေ့အကြုံကို လက်တွေ့ လေ့လာသင်ကြားနိုင်ရန်ဆောင်ရွက်

လန်ဒန်နှင့် ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ – London Business School သည် လက်တွေ့လုပ်ငန်းခွင်အတွင်းမှ စိန်ခေါ်မှုများကို သင်ရိုး ညွှန်းတမ်းတွင် ထည့်သွင်းသင်ကြားနိုင်ရန် အတွက် ကမ္ဘောဇဘဏ်နှင့် ၂၀၁၉ ခုနှစ် MBA တန်းခွဲတွင် ပူးပေါင်းခဲ့ပါသည်။ ယခုပူးပေါင်းမှုမှ တစ်ဆင့် အားလုံးပါဝင်သောဘဏ္ဍာရေးဖြစ်လာစေဖို့ ရည်ရွယ်ထားသည့် ကမ္ဘောဇဘဏ်၏ KBZPay မိုဘိုင်းအက်ပလီကေးရှင်းအား စတင်မိတ်ဆက်ရာတွင် သိသာထင်ရှားသည့် ရလဒ်များ ဖော်ဆောင်ပေးနိုင်ခဲ့သည်။

မြန်မာနိုင်ငံတွင် အားလုံးပါဝင်သော ဘဏ္ဍာရေးစနစ်တစ်ခု ဖြစ်ပေါ်လာစေရန် ရှေ့တန်းမှနေ၍ ဦးဆောင်ကြိုးပမ်းခဲ့သည့် ကမ္ဘောဇဘဏ်သည် ခေတ်မီနည်းပညာသစ်များ၏ အကူအညီဖြင့် ဘဏ်ခွဲပြင်ပအထိ ဝန်ဆောင်မှုပေး နိုင်ရန် KBZPay ကို စတင်မိတ်ဆက်ခဲ့သည်။ လွန်ခဲ့သည့် တစ်နှစ်အတွင်း KBZPay သည် အသုံးပြုသူပေါင်း (၄.၅) သန်းကျော်၊ ကိုယ်စားလှယ်နှင့် ဆိုင်ရှင်ပေါင်း (၂၈၀,၀၀၀) ကျော်တို့အား စာရင်းသွင်းအကောင့်ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး မြန်မာနိုင်ငံ၏ တိုးတက်မှုအမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်တစ်ခု၏ တိုးတက်မှုအရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်း နိုင်ခဲ့ပါသည်။

London Business School တွင် သင်ကြားလျက်ရှိသည့် Performance-Driven Strategy Execution ဘာသာရပ်၏ အစိတ်အပိုင်းတစ်ခုအဖြစ် MBA ကျောင်းသားများ ဆောင်ရွက်ရမည့် လေ့ကျင့်ခန်းများထဲမှတစ်ခုမှာ လုပ်ငန်းခွင်ရှိ စိန်ခေါ်မှု တစ်ခုချင်းစီအတွက် ကမ္ဘောဇဘဏ်ကို ဦးဆောင်နေသူများအား လမ်းညွှန်အကြံပြုပေးရန် ဖြစ်ပါသည်။ အဆိုပါ စိန်ခေါ်မှုများတွင် ဒေသတွင်း အောင်မြင်မှုအရှိဆုံး ဒစ်ဂျစ်တယ်ထုတ်ကုန်တစ်ခုကို စတင်မိတ်ဆက်ရာ၌ ဘဏ်ဝန်ထမ်း အများစုပါဝင်သည့် ဝန်ထမ်းပေါင်း (၁၈,၀၀၀) ဖြင့် မည်သို့ဆောင်ရွက်နိုင်ကြောင်း အကြံပြုရန် ပါရှိခဲ့သည်။ ထို့အပြင် လူဦးရေစုစုပေါင်း (၅၅) သန်း နေထိုင်လျက်ရှိပြီး မြို့ကြီး၊ မြို့ငယ်ပေါင်း (၃၀၀) မြို့၊ (၆၃) ခရိုင်နှင့် ကျေးရွာပေါင်း (၆၅,၀၀၀) ရှိသည့် နိုင်ငံတစ်နိုင်ငံအတွင်း ကိုယ်စားလှယ်နှင့် ဈေးဆိုင်ပိုင်ရှင်များ ပါဝင်သည့် ကွန်ယက်တစ်ခု မည်သို့စတင် ဖွဲ့စည်းကာ မည်သို့ စီမံခန့်ခွဲသင့်ကြောင်း အကြံပြုရန်တို့လည်း ပါဝင်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိဖြစ်သူ Mike DeNoma က “အကောင်းဆုံး၊ အတော်ဆုံးသူတွေနဲ့ အလုပ်တွဲလုပ်တိုင်း အောင်မြင်မှု အသီးအပွင့်တွေ ခံစားရစမြဲပါ။ ကျောင်းသားတွေပေးတဲ့ ကောင်းမွန်ဆန်းသစ်တဲ့ အကြံပြုချက်တော်တော် များများကို ကျွန်တော်တို့ရဲ့ လုပ်ငန်းစီမံကိန်းတွေထဲမှာ ထည့်ပြီး အသုံးပြုခဲ့ပါတယ်။” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ်မှစတင်၍ မြန်မာနိုင်ငံတစ်ဝန်းရှိ KBZPay အသုံးပြုသူများသည် နေ့စဉ်ဘဝအတွက် အသုံးဝင်သော ငွေကြေး ဝန်ဆောင်မှုများကို မိမိတို့ မိုဘိုင်းဖုန်းမှ နေ့၊ ည အချိန်မရွေး အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ ထူးခြားချက်တစ်ခုမှာ KBZPay အသုံးပြုသူ (၃) ဦးတွင် (၁) ဦးသည် ရန်ကုန်၊ မန္တလေး၊ ရှမ်းပြည်နယ် စသည့်နေရာများမှ မဟုတ်ဘဲ ပုံမှန်ငွေကြေး ဝန်ဆောင်မှု မရရှိသည့် နေရာများ (သို့မဟုတ်) အနည်းငယ်သာ ရရှိသည့်နေရာများမှ ဖြစ်သောကြောင့် နိုင်ငံအနှံ့ရှိ ပြည်သူများ၏ နေ့စဉ်ဘဝထဲသို့ ရောက်ရှိနေပြီဖြစ်ကြောင်း တွေ့ရှိရသည်။

“ကျွန်မတို့ဘဏ်ကို ကမ္ဘာ့စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် အသွင်ကူးပြောင်း ဆောင်ရွက်နေတဲ့အချိန်မှာ ကမ္ဘာ့အကောင်းဆုံး စီးပွားရေးကျောင်းတွေထဲမှာ တစ်ခု အပါအဝင်ဖြစ်တဲ့ LBS နဲ့ ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ LBS နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာဟာ ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ စီမံခန့်ခွဲ့မှုဆိုင်ရာ အတွေးအမြင်တွေ ကို ပိုမို ထက်မြက်သွက်လက်စေခဲ့ပါတယ်။ လက်တွေ့ စီးပွားရေးလုပ်ငန်းစဉ်တွေထဲမှာလည်း ကျောင်းသူ ကျောင်းသားတွေ လေ့လာသင်ကြားထားတဲ့ အသိပညာတွေကို အလျင်အမြန် အကောင်အထည်ဖော်နိုင်ခဲ့တယ်” ဟု ကမ္ဘောဇဘဏ်၏ ဒုတိယအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဒေါ်နန်းလိုင်ခမ်း က ပြောသည်။

လက်ရှိအချိန်အထိ KBZPay ဖြင့် ပြုလုပ်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များ၏ ငွေပမာဏမှာ အမေရိကန်ဒေါ်လာ (၃.၃) ဘီလီယံကျော် ဖြစ်ပါသည်။ လက်ရှိအချိန်အထိ KBZPay အသုံးပြုပြီး ငွေကြေးလုပ်ဆောင်မှုများ ပြုလုပ်ခဲ့သည့် အမြင့်ဆုံး စံချိန်သည် တစ်စက္ကန့်အတွင်း အကြိမ် (၂၄၀) ရှိခဲ့သည်။ ထို့အပြင် KBZPay ဝန်ဆောင်မှု အသုံးပြုပြီး ငွေသွင်း၊ ငွေထုတ် ပြုလုပ်ခဲ့သည့် စီးပွားရေးလုပ်ငန်းများ၏ (၅၀) ရာခိုင်နှုန်းကျော်သည် အမျိုးသမီး ဦးဆောင်သည့် လုပ်ငန်းများဖြစ်ကြောင်း တွေ့ရသည်။

London Business School တွင် သင်ရိုးညွှန်းတမ်း ပြုစုသင်ကြားလျက်ရှိသည့် ပါမောက္ခ Ahmed Tahoun က “အခုလို ကြီးမားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုမှာ ပါဝင်ခွင့်ရပြီး လုပ်ငန်းစဉ် အဆင့်တိုင်းမှာ ရလဒ်ကောင်းတွေ ရနိုင်ဖို့ဆိုတာ ၂၀၁၉ ခုနှစ် MBA တန်းခွဲမှာ ဖြစ်ပေါ်ခဲ့တဲ့ ဆန္ဒတစ်ခုပါ။ လက်တွေ့ လုပ်ငန်းခွင်တစ်ခုမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်လေ့လာ ခွင့်ရခဲ့တဲ့အတွက် ကျွန်တော်တို့ရဲ့ MBA သင်တန်းတွေနဲ့ သင်ရိုးညွှန်းတမ်းတွေမှာ ပုံစံအသစ်၊ ရှု့ထောင့်အသစ်တစ်ခု ထပ်ပြီး ပေါင်းစပ်ထည့်သွင်းနိုင်ခဲ့ပါတယ်” ဟု ပြောသည်။

KBZPay အနေဖြင့် ၂၀၂၈ ခုနှစ်တွင် သုံးစွဲသူပေါင်း သန်း (၃၀) ရောက်ရှိရန်ဆိုသည့် ရည်မှန်းချက် ပြည့်မီစေရန် ရင်းနှီး မြုပ်နှံမှုများ ဆက်လက်လုပ်ဆောင်မည်ဖြစ်ပြီး ခေတ်မီ မိုဘိုင်းဦးစားပေး ဘဏ္ဍာရေးဂေဟစနစ်တစ်ခုတွင် သူငယ်ချင်း၊ မိတ်ဆွေများ ချိတ်ဆက်ပေါင်းစည်းပေးခြင်းဖြင့် ၎င်းတို့၏ ဒစ်ဂျစ်တယ်လူနေမှုဘဝများအား ထောက်ပံ့ပေးသွားမည် ဖြစ်ပါသည်။ London Business School အနေဖြင့်လည်း ဗျုဟာမြောက် စီးပွားရေးလုပ်ငန်း အသွင်ကူးပြောင်းမှု ပြုလုပ်နေ သည့် အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ပြီး လက်တွေ့လေ့လာသင်ယူနိုင်မည့် အခွင့်အလမ်းများ ဆက်လက် ရှာဖွေသွားမည် ဖြစ်ပါသည်။ လာမည့် လအနည်းငယ်အတွင်း ကမ္ဘောဇဘဏ်နှင့် London Business School တို့၏ ပူးပေါင်း လုပ်ဆောင်မှု အစီအစဉ်သစ်များကို ထုတ်ပြန်ကြေညာမည်ဖြစ်ပြီး အဆင့်အမြင့်ဆုံး စီးပွားရေးဆိုင်ရာ ပညာရပ်တွင် ပြင်ပ လုပ်ငန်းခွင်အတွက် လက်တွေ့ အကျိုးသက်ရောက်မှုရှိစေမည့် လေ့လာသင်ကြားမှုပုံစံများ ဖန်တီးပေးရန် ဆောင်ရွက်သွား မည်ဖြစ်ပါသည်။