ကမ္ဘောဇဘဏ်မှ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသောအားဖြင့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုတွင် ပါဝင်ကူညီပံ့ပိုး

ရန်ကုန်၊ မြန်မာ၊ ၂၀၂၀ ခုနှစ်၊ မတ်လ ၇ ရက်နေ့ – ကမ္ဘောဇဘဏ်မှ ၂၀၂၀ ခုနှစ်၊ မတ်လ ၈ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ဂုဏ်ပြုသည့်အနေဖြင့် “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” ဟု အမည်ပေးထားသည့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုတစ်ခုတွင် ပြည်သူအားလုံး အတူတကွ ပါဝင်ကူညီပံ့ပိုးကြရန် ဖိတ်ခေါ်လျက် ရှိပါသည်။ အဆိုပါ လှုပ်ရှားမှုမှာ နိုင်ငံတကာ အသိအမှတ်ပြု ဆုပေါင်းများစွာဖြင့် အောင်မြင်မှု ရရှိခဲ့သည့် “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုတစ်ခုအပေါ် အခြေခံ၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး လက်ရှိ အွန်လိုင်း စာမျက်နှာ (www.facebook.com/toourliveswewant)   တွင် အများပြည်သူ ကြည့်ရှု့နိုင်ရန် ပြသလျက်ရှိပါသည်။ ၂၀၂၀ ခုနှစ်၊ မတ်လ ၆ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ အွန်လိုင်းပေါ်တွင် ကာတွန်းရုပ်ရှင် တစ်ကြိမ်ကြည့်ရှု့တိုင်း ယခုလှုပ်ရှားမှုအတွက် အလှူငွေ ၃ ကျပ်စီ ထည့်ဝင်လှူဒါန်း သွားမည် ဖြစ်ပါသည်။ ရရှိလာသည့် ရန်ပုံငွေများအားလုံးကို Gender Equality Network (GEN ကွန်ရက်) မှတစ်ဆင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ အမျိုးသမီး အခွင့်အရေးနှင့် ကျား၊ မ တန်းတူညီမျှရေး လှုပ်ရှားမှုများအတွက် ထောက်ပံ့ပေးအပ်မည် ဖြစ်ပါသည်။

“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုအတွက် ကမ္ဘောဇဘဏ်မှ Main Sponsor အဖြစ် ငွေကျပ် သိန်း (၂၀၀) မတည်ထောက်ပံ့ခဲ့ပါသည်။ ယခု ပါဝင်ပံ့ပိုးမှုကို ကမ္ဘောဇဘဏ်၏ လူမှုရှေးရှုမဏ္ဍိုင် (၃) ချက်အနက် “မတူကွဲပြားသူ များအားလုံး စုပေါင်းပါဝင်နိုင်သည့် လူမှုဝန်းကျင်နှင့် လုပ်ငန်းခွင်များ ဖော်ဆောင်နိုင်ရေး” ဟူသည့် အချက်နှင့်အညီ ဘဏ်၏ အသစ်ဖွဲ့စည်းထားသော Social Purpose and Impact Partnerships Committee က လေ့လာအကဲဖြတ်  ထောက်ခံပေးခဲ့ပါသည်။ ယခုကဲ့သို့ အမျိုးသမီးများအတွက် တိုက်ရိုက်အကျိုးပြုနိုင်ပြီး မတူကွဲပြားသူများ အားလုံး စုပေါင်း ပါဝင်နိုင်သည့် လူမှုဝန်းကျင်နှင့် လုပ်ငန်းခွင်များ ဖော်ဆောင်နိုင်သည့် လှုပ်ရှားမှုများကို ကူညီထောက်ပံ့ပေးခြင်းဖြင့် သိသာ ထင်ရှားသော အကျိုးဆက်များ ဖန်တီးနိုင်မည်ဟု ကမ္ဘောဇဘဏ်မှ ယုံကြည်ထားပါသည်။ အထူးအားဖြင့် မြန်မာနိုင်ငံ တစ်ဝန်းရှိ ဝန်ထမ်းပေါင်း (၁၈,၀၀၀) ကျော်အတွင်း အမျိုးသမီးဝန်ထမ်းဦးရေ (၅၅%) ရှိသည့် ကမ္ဘောဇဘဏ်အတွက် ယခုကဲ့သို့ ပံ့ပိုးထောက်ပံ့မှုမှာ ပို၍ပင် အဓိပ္ပာယ် ထူးခြားလေးနက်စေမည် ဖြစ်ပါသည်။

ပုံ ၁ (ဝဲ နှင့် ယာ) – ကန်သာယာ Shopping Centre ရှိ JCGV ရုပ်ရှင်ရုံတွင် ကျင်းပပြုလုပ်ခဲ့သည့် “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်း ရုပ်ရှင်တို အထူးပြသပွဲ အခမ်းအနား၌ လာရောက်ကြည့်ရှု့ကြသူများ

ကမ္ဘောဇဘဏ်မှ မတည်လှူဒါန်းငွေအပြင် အထူး Digital Payment Partner အဖြစ် အများပြည်သူ အလွယ်တကူ ပါဝင်လှူဒါန်းနိုင်ရန်အတွက် ၎င်း၏ KBZPay မိုဘိုင်းငွေပေးချေမှု ပလက်ဖောင်းမှတစ်ဆင့် ရန်ပုံငွေကောက်ခံပေးရန် စီစဉ်ထားရှိပါသည်။ ပါဝင်လှူဒါန်းလိုသူများအနေဖြင့် KBZPay မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့် အလွယ်တကူ ပါဝင်လှူဒါန်း နိုင်ကြောင်း အသိပေးဖိတ်ခေါ်အပ်ပါသည်။ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုအတွက် အသုံးပြုထားသည့် အွန်လိုင်းနှင့် အွန်လိုင်းပြင်ပ ပိုစတာများတွင် ပါရှိသော QR ကုဒ်တစ်ခုအား မိမိတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖြင့် scan ဖတ်ရုံလိုက်ရုံဖြင့် ရန်ပုံငွေကောက်ခံရန် သီးသန့်ဖွင့်လှစ်ထားသော ဘဏ်အကောင့်အတွင်းသို့ တိုက်ရိုက်ပေးပို့ လှူဒါန်းနိုင် ပြီဖြစ်ပါသည်။ ထို့အပြင် KBZPay မိုဘိုင်း အက်ပလီကေးရှင်းအတွင်း ငွေပေးချေ > ကိုယ်တိုင်လုပ်ဆောင်မည် > လုပ်ငန်း ပိုင်ရှင်အား ငွေချေရန် > ကုဒ်နံပါတ် 100323882 ရိုက်ထည့်ရန် > လှူဒါန်းလိုသည့် ပမာဏ > ပေးသည် ဟူ၍ အဆင့်ဆင့် လုပ်ဆောင်၍လည်း လှူဒါန်းနိုင်မည် ဖြစ်ပါသည်။

ပုံ ၂  – KBZPay ဖြင့် လှူဒါန်းလိုသူတစ်ဦးမှ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှု QR ကုဒ် လုပ်ဆောင်ပုံ အဆင့်ဆင့် အား မေးမြန်းနေစဉ်

“ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုကို Pencil Animation Studio ၏ Co-Founder နှင့် ကာတွန်း ရုပ်ရှင် ဖန်တီးမှုပညာရှင် တစ်ဦးဖြစ်သူ ကိုဉာဏ်ကျယ်စေ နှင့်အတူ Gender Equality Network (GEN)၊ Business Coalition for Gender Equality အဖွဲ့အစည်း၊ Domino Digital တို့ ပူးပေါင်း၍ မြန်မာနိုင်ငံတွင် ရင်ဆိုင်တွေ့ကြုံနေရသည့် ကျား၊ မ ခွဲခြားဆက်ဆံမှု နှင့်ပတ်သက်ပြီး ပိုမို သတိပြုပံ့ပိုးပေးနိုင်ကြရန် ရည်ရွယ်ချက်ဖြင့် စီစဉ်ကျင်းပခဲ့ခြင်း ဖြစ်ပါသည်။ ကိုဉာဏ်ကျယ်စေ ဖန်တီး ပုံဖော်ခဲ့သည့် “ကျွန်မ မလိုချင်တဲ့ ကျွန်မဘဝ” ကာတွန်းရုပ်ရှင်တိုသည် ကမ္ဘာတစ်ဝန်းရှိ နိုင်ငံတကာရုပ်ရှင်ပွဲတော်ပေါင်း (၁၄၀) တွင် ပါဝင်ပြသရန် ရွေးချယ်ခံခဲ့ရပြီး ဆုပေါင်း (၃၉) ဆု ရရှိခဲ့ပါသည်။

ပုံ ၃ – KBZPay ဖြင့် လှူဒါန်းလိုသူတစ်ဦးမှ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှု ပိုစတာတွင် ဖော်ပြထားသော QR ကုဒ်အား scan ဖတ်နေစဉ်

KBZPay သည် မြန်မာနိုင်ငံအနှံ့အပြားတွင် ငွေသားမဲ့ ငွေပေးချေမှု လုပ်ဆောင်ချက်များ ပိုမို ပြုလုပ်နိုင်ရန် တိုးချဲ့ ဝန်ဆောင်မှုပေး၍ ၎င်း၏ တိုးတက်မှုအရှိန်အဟုန်ကို ကြိုးပမ်းမြှင့်တင်လျက်ရှိရာ ယခု ပံ့ပိုးမှုများမှတစ်ဆင့် လိုအပ်နေသည့် နေရာအမျိုးမျိုးအတွက် ရွေးချယ်လှူဒါန်းနိုင်မည်ဖြစ်သောကြောင့် သဒ္ဓါတရား တိုးပွားလာစေရန်အတွက်လည်း အထောက် အကူ ဖြစ်စေပါသည်။ “ကျွန်မတို့ လိုချင်သော ဘဝများဆီသို့” လှုပ်ရှားမှုအတွက် KBZPay အသုံးပြု၍ လှူဒါန်းလိုသည် ဖြစ်စေ၊ အခြား ပေးအပ်လှူဒါန်းမှုများအား သိရှိလိုသည်ဖြစ်စေ www.facebook.com/KBZPay Facebook စာမျက်နှာတွင် KBZPay အဖွဲ့သားများအား ဆက်သွယ်မေးမြန်း နိုင်ပါသည်။