KBZPay အသုံးပြုသူများက ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း စုစုပေါင်း မြန်မာကျပ်ငွေ (၃၂၀.၉) သန်း ထည့်ဝင်လှူဒါန်းခဲ့၊ ၂၀၂၁ ခုနှစ် ပထမနှစ်ဝက်အတွက် KBZPay အလှူဒါန လုပ်ဆောင်ချက်တွင် ထည့်သွင်းထားသည့် အလှူခံအဖွဲ့အစည်းများ စာရင်းအသစ်ထုတ်ပြန်

ရန်ကုန်၊ မြန်မာ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် – KBZPay အသုံးပြုသူများသည် KBZPay အက်ပလီကေးရှင်းတွင် ပါရှိသော “အလှူဒါန” လုပ်ဆောင်ချက်ကို အသုံးပြုပြီး ၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအထိ အချိန်ကာလအတွင်း မြန်မာကျပ်ငွေ (၃၂၀.၉) သန်းကျော် ပါဝင်လှူဒါန်းခဲ့ကြပြီး မိမိတို့၏ သဒ္ဓါတရား ထက်သန်စိတ်ကို ဆက်လက် ပြသခဲ့ကြသည်။ အက်ပလီကေးရှင်းအသုံးပြုသူများက KBZPay “အလှူဒါန” လုပ်ဆောင်ချက်ကို မိမိ၏ မိုဘိုင်းပိုက်ဆံအိတ်ကတစ်ဆင့် ပရဟိတအဖွဲ့အစည်း အမျိုးမျိုးအတွက် အဆင်ပြေ လုံခြုံစိတ်ချမှုရှိစွာနှင့် ကုသိုလ်ဖြစ် လှူဒါန်းမှုများကို တိုက်ရိုက် ပြုလုပ်နိုင်စေရန် ရည်ရွယ်ပြီး ၂၀၁၉ ခုနှစ်၊ ဇူလိုင်လတွင် စတင်မိတ်ဆက်ပေးခဲ့ခြင်း ဖြစ်ပါသည်။

KBZPay အသုံးပြုသူများမှ ၂၀၂၀ ခုနှစ် ဒုတိယနှစ်ဝက်အတွင်း ပါဝင်လှူဒါန်းခဲ့သော အလှူငွေစုစုပေါင်း မြန်မာကျပ်ငွေ (၃၂၀.၉) သန်းအနက် မြန်မာကျပ်ငွေ (၁၆.၃) သန်းမှာ Yangon Heritage Trust ၊ Clean Yangon နှင့် မင်္ဂလာပါ လူငယ်ပရဟိတအသင်းအစရှိသည့် ပရဟိတ အဖွဲ့အစည်းများ၏ ဆောင်ရွက်နေမှုများကို ပံ့ပိုးနိုင်ရန်အတွက် လှူဒါန်းခဲ့ကြခြင်း ဖြစ်ပါသည်။ မြန်မာကျပ်ငွေ (၃၀၄.၆) သန်းကို အင်းယားလိတ်ကိုဗစ်စင်တာ (အင်းယားစင်တာ)၊ We Love Yangon၊ ခေတ်သစ်ဖောင်ဒေးရှင်း၊ သဘာဝတရားရိပ်သာနှင့် ကိုကြီးနှင့် ညီအစ်ကိုမောင်နှမများ ပရဟိတအဖွဲ့များက ဆောင်ရွက်နေသော ကူးစက်ရောဂါ ကာကွယ်တုံ့ပြန်ရေး အဓိကလုပ်ငန်းစဉ်များကို ပံ့ပိုးပေးနိုင်ရန်အတွက် လှူဒါန်းခဲ့ကြပါသည်။ 

KBZPay သည် “အလှူဒါန” လုပ်ဆောင်ချက်ကတစ်ဆင့် အလှူငွေ လက်ခံသွားမည့် ပရဟိတ အဖွဲ့အစည်းများစာရင်းကို (၆) လ တစ်ကြိမ် ပြောင်းလဲထည့်သွင်းပေးလျက် ရှိပါသည်။ အလှူငွေ လက်ခံမည့် အဖွဲ့အစည်းများကို ကမ္ဘောဇဘဏ်နှင့် KBZPay တို့၏ ကုသိုလ်ဖြစ်လှူဒါန်းမှုများနှင့် ပရဟိတလုပ်ငန်းစဉ်များကို စီစဉ်ဆောင်ရွက်အကဲဖြတ်နေသည့် ကမ္ဘောဇဘဏ်၏ လူမှုရေးရှေးရှု ဆောင်ရွက်မှုများနှင့် လူမှုအကျိုးပြု ပူးပေါင်းဆောင်ရွက်မှု ကော်မတီ (SPIP) က ချမှတ်ထားသည့် သတ်မှတ်ချက်များနှင့်အညီ ရွေးချယ်ထားခြင်း ဖြစ်ပါသည်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း KBZPay ၏ “အလှူဒါန” လုပ်ဆောင်ချက်ကတစ်ဆင့် အလှူငွေ ကောက်ခံ ပံ့ပိုးသွားမည့် ပရဟိတအဖွဲ့အစည်းများမှာ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခဝဲခြံမျက်မမြင်ကျောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ အေးရိပ်မွန် မိဘမဲ့အမျိုးသမီးကျောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဇေယျာမောင်မယ်ပရဟိတအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ခိုလှုံရာ ခိုကိုးရာမဲ့ ဘိုးဘွားရိပ်သာတို့ ဖြစ်ပါသည်။ ယခုတစ်ကြိမ် ထည့်သွင်းလိုက်သည့် ဒစ်ဂျစ်တယ်နည်းပညာဖြင့် ရန်ပုံငွေ ကောက်ခံမှုမှာ လူမှုအသိုင်းအဝိုင်းအတွင်း အကူအညီ လိုအပ်နေသူများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူညီပံ့ပိုးပေးနိုင်ရန် ရည်ရွယ်ထားပါသည်။

၂၀၂၀ ခုနှစ်၊ ဇူလိုင်လမှ ဒီဇင်ဘာလအတွင်း KBZPay ကတစ်ဆင့် လက်ခံရရှိခဲ့သော လှူဒါန်းမှုများအနက် မြန်မာကျပ်ငွေ (၇.၂) သန်း လက်ခံရရှိခဲ့သည့် Clean Yangon ၏ Founder ဖြစ်သူ ကိုဇေယျာထွန်းက “မြန်မာပြည် အနှံ့အပြားက KBZPay အသုံးပြုသူတွေရဲ့ သဒ္ဓါတရား ထက်သန်စွာ ပေးကမ်းလှူဒါန်းမှုတွေကို ကျွန်တော်တို့ တကယ် ကြိုဆိုပါတယ်။ KBZPay က အလှူဒါန ပြုလုပ်ရတဲ့ လုပ်ငန်းစဉ်တွေကို အရှိန်မြန်အောင် မြှင့်တင်ပေးနေတဲ့ ခေတ်မီဒစ်ဂျစ်တယ်နည်းပညာသုံး အလှူငွေ ကောက်ခံမှု ပလက်ဖောင်းတစ်ခုအနေနဲ့ ဆောင်ရွက်ပေးနေပါတယ်။ ဒီပလက်ဖောင်းကနေ ရပ်ရွာလူထုအတွက် ပံံပိုးကူညီပေးနေပြီး အကူအညီ လိုအပ်နေတဲ့သူတွေကို စောင့်ရှောက်ပေးနေတဲ့ ကျွန်တော်တို့ အဖွဲ့အစည်းကို လှူချင်တဲ့ သူတွေကိုလည်း အလွယ်တကူ လှူဒါန်းနိုင်အောင် ဆောင်ရွက်ပေးပါတယ်။ Clean Yangon ရဲ့ ကိုယ်စား ပါဝင်လှူဒါန်းခဲ့ကြတဲ့ KBZPay အသုံးပြုသူတွေအားလုံး အပါအဝင် အခုလိုမျိုး လှူဒါန်းနိုင်အောင် ဖန်တီးပေးတဲ့ KBZPay အဖွဲ့သားတွေကိုရော အထူးပဲ ကျေးဇူးတင်ရှိပါကြောင်း ထပ်ပြီး ပြောချင်ပါတယ်” ဟု ပြောသည်။

“KBZPay က မြန်မာနိုင်ငံတစ်ဝန်းမှာရှိတဲ့ ပြည်သူတွေ ဖုန်းထဲကနေ အဆင်သင့် ပေးကမ်းလှူဒါန်းနိုင်အောင် ပံ့ပိုးပေးနိုင်တဲ့အတွက် အထူးပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ KBZPay က အသုံးပြုသူတွေအတွက် နေ့စဉ် ငွေကြေးလွှဲပြောင်းမှုတွေ ဆောင်ရွက်နိုင်ဖို့တင်မက ဒစ်ဂျစ်တယ်နည်းပညာနဲ့ အလှူအတန်းတွေကို အလွယ်တကူ၊ လုံခြုံစိတ်ချမှုရှိစွာ ပြုလုပ်နိုင်စေမယ့် ပလက်ဖောင်းတစ်ခုကိုပါ ထောက်ပံ့ပေးနေတာပါ။ KBZPay မှာ ‘အလှူဒါန’ လုပ်ဆောင်ချက်ကို စတင်ထည့်သွင်းပြီးကတည်းက ပရဟိတအဖွဲ့အစည်း အမျိုးမျိုးအတွက် KBZPay အသုံးပြုသူတွေရဲ့ သဒ္ဓါတရား ထက်သန်စွာ ပါဝင်လှူဒါန်းမှုတွေကို အားရကျေနပ်ဖွယ်ရာ တွေ့ရှိခဲ့ရပါတယ်။ အခု အလှူငွေ လက်ခံသွားမယ့် ပရဟိတ အဖွဲ့အစည်းတွေကိုလည်း နည်းသည်၊ များသည် ပဓာနမထားပဲ ဆက်လက် ပါဝင်လှူဒါန်းပေးကြပါလို့ တိုက်တွန်းအားပေးချင်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ Senior Manager (Social Purpose) ဖြစ်သူ ‌‌‌ဒေါ်ယမင်းရွှေရည်က ပြောသည်။

၂၀၁၉ ဇူလိုင်လတွင် ‘အလှူဒါန’ လုပ်ဆောင်ချက်ကို စတင်မိတ်ဆက်ခဲ့သည့်အချိန်မှစ၍ KBZPay အသုံးပြုသူများသည် မြန်မာနိုင်ငံရှိ ပရဟိတအဖွဲ့အစည်းများနှင့် တခြားကိစ္စရပ်များအတွက် ငွေကျပ် (၄၄၃.၀၅)သန်းကျော် လှူဒါန်းခဲ့ကြပြီး ဖြစ်ပါသည်။ အဆိုပါအလှူငွေပမာဏထဲမှ ငွေကျပ် (၃၅၅.၉)သန်းခန့်ကို ကိုဗစ်-၁၉ နှင့်ပတ်သက်သော ကိစ္စရပ်များအတွက် လှူဒါန်းခဲ့ခြင်း ဖြစ်သောကြောင့် ကူးစက်ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်သူလူထုအတွက် ကူညီပံ့ပိုးပေးနေသော ပရဟိတအဖွဲ့အစည်းများ၏ လှုပ်ရှားမှူများကို ရေရှည်ဆက်လက်လုပ်ကိုင်နိုင်ရန် များစွာ အထောက်အပံ့ ဖြစ်စေခဲ့သည်။ အထူးသဖြင့် ထိုအလှူငွေထဲတွင် We Love Yangon ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တုံ့ပြန်ရေး လုပ်ဆောင်ချက်များကို ကူညီနိုင်ရန်အတွက် အလှူငွေ ငွေကျပ် (၂၁၀.၁) သန်း ပါဝင်သည်။

ပြည်သူလူထုအနေဖြင့် မိမိတို့၏ KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို အသုံးပြုပြီး ပရဟိတအဖွဲ့အစည်းများ၏ လှုပ်ရှားမှုများကို ပံ့ပိုးကူညီလိုပါက အက်ပလီကေးရှင်းအတွင်းရှိ ‘အလှူဒါန’ လုပ်ဆောင်ချက်ကို ဝင်ရောက်ပါ။ မိမိလှူဒါန်းလိုသည့် အဖွဲ့အစည်းကို ရွေးချယ်၍ ‘လှူဒါန်းမည်’ ကို နှိပ်ပါ။ ထို့နောက် လှူဒါန်းလိုသည့်ပစ္စည်း (သို့မဟုတ်) အလှူငွေပမာဏကို ရွေးချယ်ပြီး လှူဒါန်းနိုင်ပါသည်။