Pwint Thit Sa Transparency Reporting

ကမ္ဘောဇဘဏ်ကနေ ပွဲဦးထွက်ပါဝင်ခဲ့တဲ့၂၀၂၀ ပြည့်နှစ်ပွင့်သစ်စ အစီရင်ခံစာမှာ ကုမ္ပဏီပေါင်း (၂၆၀) အတွင်း နံပါတ် (၇) ချိတ်ခဲ့ပြီး ပြည်တွင်းဘဏ် (၂၉) ခုအနက် တတိယနေရာကို ရရှိခဲ့တဲ့အတွက် ကမ္ဘောဇဘဏ်အနေနဲ့ နောက်ထပ် ထူးခြားတဲ့ အောင်မြင်မှုမှတ်တိုင်တစ်ခုကို လှမ်းတက်နိုင်ခဲ့ပြီဆိုတာ ဒီနေ့ အသိပေးလိုက်ရပါတယ်။ ဒီလို အားတက်စရာ ရလဒ်တွေက သမာဓိရှိတဲ့ စီးပွားရေးလုပ်ငန်းဖြစ်အောင် ပွင့်လင်းမြင်သာမှုရှိရှိ လုပ်ကိုင်ဆောင်ရွက်ဖို့ ရှေးရှုဆောင်ရွက်မယ်ဆိုတဲ့ ကမ္ဘောဇဘဏ်ရဲ့ ကတိကဝတ်ကို သက်သေပြလိုက်နိုင်တာပဲ ဖြစ်ပါတယ်။

ကမ္ဘောဇဘဏ်ရဲ့ ဒုတိယအမှုဆောင် အရာရှိချုပ် ဒေါ်နန်းလိုင်းခမ်းက “ ကျွန်မတို့ ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံမှာရှိတဲ့ ကုမ္ပဏီကြီးတွေကြားမှာ စီမံအုပ်ချုပ်မှု အကောင်းဆုံးနဲ့ ပွင့်လင်းမြင်သာမှု အရှိဆုံး ထိပ်တန်း (၁၀) နေရာမှာ အမည်ရေးထိုးနိုင်ခဲ့တဲ့အတွက် အရမ်းပဲ ဝမ်းသာဂုဏ်ယူမိပါတယ်။ ဒါက လွန်ခဲ့တဲ့နှစ်တွေအတွင်း အသွင်ကူးပြောင်းရေးအတွက် ဆောင်ရွက်ခဲ့တဲ့ ကျွန်မတို့ရဲ့ ခရီးလမ်းဟာ မှန်ကန်မှုရှိတယ်ဆိုတာကို သေချာစေခဲ့ပြီး ကမ္ဘာ့စီမံအုပ်ချုပ်မှု အကောင်းဆုံးဘဏ်တွေထဲမှာ တစ်ခုအပါအဝင်ဖြစ်လာဖို့ ရှေ့ဆက်ကြိုးပမ်းလျှောက်လှမ်းရာမှာလည်း အထင်ကရ မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနေမှာ ဖြစ်ပါတယ်။”

“ အခုလို ကမ္ဘောဇဘဏ်အနေနဲ့ အရင်နှစ်တွေကတည်းက ကျွန်မတို့ MCRB ရဲ့ စီးပွားရေးလုပ်ငန်းတွေ တာဝန်ယူမှုရှိရေးနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေနဲ့ အလုပ်ရုံဆွေးနွေးပွဲတွေမှာ ပူးပေါင်းပါဝင်ပေးတာ၊ အထူးသဖြင့် ခေါင်းဆောင်ပိုင်းတွေကနေ မသန်စွမ်းသူတွေ လုပ်ငန်းခွင်မှာ ပါဝင်နိုင်ရေး လက်တွေ့ဆောင်ရွက်နိုင်ခဲ့တာ၊ Business Coalition on Gender Equality ရဲ့ တည်ထောင်သူအဖွဲ့ဝင်တစ်ဦးအဖြစ် ပါဝင်ဆောင်ရွက်နေတာတွေကို MCRB က ဝမ်းမြောက်ဝမ်းသာ ကြိုဆိုလက်ခံခဲ့ပါတယ်။ ရှေ့ဆက်ပြီး ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး ပန်းတိုင်တွေကို ရယူနိုင်တဲ့ မြန်မာနိုင်ငံရဲ့စွမ်းရည်တွေကို ပိုပြီး ခိုင်မာအောင် ဆောင်ရွက်တဲ့နေရာမှာ စီးပွားရေးလုပ်ငန်းတွေ အထူးသဖြင့် ဘဏ်တွေနဲ့ အတူတကွ ဆောင်ရွက်ရမယ့်အခါ ကမ္ဘောဇဘဏ်နဲ့ လက်တွဲလုပ်ကိုင်နိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မြန်မာ့စီးပွားရေးကဏ္ဍ တာဝန်ယူမှုရှိရေး အထောက်အကူပြုဌာန (MCRB) ရဲ့ ဒါရိုက်တာဖြစ်သူ Vicky Bowman က ဆိုပါတယ်။

Yever ရဲ့ ပူးတွဲတည်ထောင်သူ Nicolas Delange က “ ၂၀၂၀ ပြည့်နှစ်က ကမ္ဘောဇဘဏ်ရဲ့ ပထမဆုံးအကြိမ် ပါဝင်လေ့လာအကဲဖြတ်ခံတဲ့ နှစ်ဖြစ်ပြီး အရင်က လုပ်ငန်းစုအနေနဲ့ အကဲဖြတ်ခဲ့တာဆိုပေမယ့် ကော်ပိုရိတ်စီမံအုပ်ချုပ်မှုနဲ့ ပတ်သက်တဲ့ အပိုင်းမှာ ဒုတိယ အမှတ်အများဆုံး ရခဲ့ပြီးထိပ်ဆုံး (၁၀) ခု စာရင်းမှာ နေရာတစ်နေရာ ရတဲ့အထိ ကောင်းကောင်းဆောင်ရွက်ပြနိုင်ခဲ့ပါတယ်။ ဒီအောင်မြင်မှုက အားလုံးအတွက် ဥပမာကောင်းတစ်ခု၊ စိတ်ခွန်အားတစ်ခု ဖြစ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

#KBZBank #StrengthofMyanmar #pwintthitsa #transparency