သတင်းထုတ်ပြန်ချက် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် Asiamoney မှ ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ပြည်တွင်းဘဏ်ဆုနှင့် အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆုကို ကမ္ဘောဇဘဏ်မှ ဆွတ်ခူးရရှိ

သတင်းထုတ်ပြန်ချက် အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်နိုင်ရန် Asiamoney မှ ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ပြည်တွင်းဘဏ်ဆုနှင့် အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်ဆုကို ကမ္ဘောဇဘဏ်မှ ဆွတ်ခူးရရှိ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁၁ ရက် — မြန်မာ့အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သော ကမ္ဘောဇဘဏ်သည် Asiamoney မှ ရွေးချယ်ပေးအပ်သည့် ၂၀၁၉ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ဘဏ်လုပ်ငန်းဆိုင်ရာ ဆုများအနက် ‘အကောင်းဆုံး ပြည်တွင်းဘဏ်’ ဆုနှင့် ‘အကောင်းဆုံး ဒစ်ဂျစ်တယ်ဘဏ်’ ဆုများကို ဆွတ်ခူးရရှိခဲ့ပြီး ဆုသစ်များနှင့် အတူ မြန်မာ့နှစ်သစ်ကို ကြိုဆိုနိုင်ခဲ့ပြီ ဖြစ်ပါသည်။ နှစ်ပေါင်း (၃၀) တိုင် အာရှဒေသတစ်လွှားရှိ ဘဏ်လုပ်ငန်းနှင့် ရင်းနှီးမြုပ်နှံမှုလုပ်ငန်းဆိုင်ရာ ဈေးကွက်များအကြောင်း ရေးသားဖော်ပြ လျက်ရှိသည့် Asiamoney က မြန်မာနိုင်ငံအတွင်း အကောင်းဆုံး ပြည်တွင်းဘဏ်အဖြစ် ကမ္ဘောဇဘဏ်အား ရွေးချယ်ခဲ့သည်မှာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး ယခုကဲသို့ နှစ်စဉ် ဆုပေးပွဲအစီအစဉ် စတင်ခဲ့သည့် ၂၀၁၇ ခုနှစ် တွင်လည်း အကောင်းဆုံး ပြည်တွင်းဘဏ်ဆုကို ကမ္ဘောဇဘဏ်မှ ပထမဦးဆုံးအကြိမ်အဖြစ် လက်ခံရရှိခဲ့သည်။

Euromoney ရင်းနှီးမြုပ်နှံမှု လုပ်ငန်းရှင်များ အဖွဲ့အစည်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော Asiamoney က အာဆီယံ (၁၉) နိုင်ငံအတွင်း အကောင်းဆုံး ဘဏ်လုပ်ငန်းဆိုင်ရာဆု အမျိုးအစားပေါင်း (၈) မျိုး ရွေးချယ်ပေးအပ် နိုင်ရန်အတွက် ဆုရွေးချယ်ရာတွင် အသေးစိတ် စုံစမ်းလေ့လာမှုများကို တင်းကြပ်သော စည်းမျဉ်းစည်းကမ်းများဖြင့် ချမှတ် လုပ်ဆောင်ခဲ့သည်။ Asiamoney မှ အကြီးတန်း သတင်းထောက်များဖြင့် ဖွဲ့စည်းထားသော ဆုရွေးချယ်ရေး အဖွဲ့သည် လွန်ခဲ့သည့် (၁၂) လအတွင်း နိုင်ငံတစ်ခုချင်းစီအလိုက် ထူးချွန်ပြောင်မြောက်စွာ လုပ်ကိုင်နိုင်ခဲ့သည့် ဘဏ်လုပ်ငန်းဆိုင်ရာ အဓိက လုပ်ဆောင်ချက်များကို လေ့လာဆန်းစစ်ပြီး အကဲဖြတ် ရွေးချယ်ခဲ့ကြပါသည်။ ဈေးကွက်တစ်ခုချင်းစီအတွင်း လုပ်ကိုင်ဆောင်ရွက်နေသူများထံမှ အသေးစိတ် တင်ပြချက်များကို လက်ခံရရှိ ပြီးနောက် အကြီးတန်း သတင်းထောက်များဖြင့် ဖွဲ့စည်းထားသော ဆုရွေးချယ်ရေးအဖွဲ့သည် နိုင်ငံအသီးသီးရှိ ထိပ်တန်း ဘဏ်လုပ်ငန်းရှင်များနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများနှင့် ပြိုင်ဘက်လုပ်ငန်း များ၏ ဝေဖန်အကြံပြုချက်များကို စုစည်းကောက်ခံကာ ကြိုတင်ရရှိထားသော အချက်အလက်များ မှန်ကန်မှုရှိ၊ မရှိ ကိုယ်တိုင်ကိုယ်ကျ စစ်ဆေးခဲ့ကြသည်။

ဆုရရှိသည့် ဘဏ်များကို ၂၀၁၉ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့တွင် Asiamoney မှ ထုတ်ပြန်ကြေညာခဲ့ပြီး ကမ္ဘောဇဘဏ်အနေဖြင့် ပြည်တွင်းရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရန် ကူညီပံ့ပိုးပေးမည့် one-stop service centre တစ်ခုကို ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်နိုင်ခဲ့ခြင်း၊ ဘဏ်ချေးငွေ လျှောက်ထားနိုင်ရန်အတွက် ချေးငွေရယူနိုင်သည့် ပုံစံမျိုးစုံ ဝန်ဆောင်မှုပေးခြင်းနှင့် တရားဝင်ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများအတိုင်း ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများအတွက် ဝန်ဆောင်မှုပေးခြင်း စသည့်ဖြင့် ၂၀၁၈ ခုနှစ်အတွင်း ရရှိခဲ့သည့် အောင်မြင်မှုများအပေါ် အသိအမှတ်ပြု ရွေးချယ်ချီးမြှင့်ခံခဲ့ရခြင်း ဖြစ်ပါသည်။ ဒစ်ဂျစ်တယ် ကဏ္ဍ မျက်နှာစာတွင် ကမ္ဘောဇဘဏ်အနေဖြင့် KBZPay မိုဘိုင်းပိုက်ဆံအိတ်ကို ပြီးခဲ့သည့်နှစ်အတွင်း အောင်မြင်စွာ မိတ်ဆက်နိုင်ခဲ့ပြီး အသုံးပြုသူ အရေအတွက်ပေါင်း (၁) သန်း အပါအဝင် ကိုယ်စားလှယ်နှင့် ဈေးဆိုင်ပိုင်ရှင်ပေါင်း (၆၅,၀၀၀) ကို အသုံးပြုရန် တိုက်တွန်းအားပေးနိုင်ခဲ့သည်။

ယခုကဲ့သို့ ဆုရရှိခဲ့သည့်အပေါ် ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mike DeNoma က “ကမ္ဘောဇဘဏ်အနေနဲ့ အခုလို ဆုချီးမြှင့်ပြီး အသိအမှတ်ပြုခံလိုက်ရတာဟာ မြန်မာနိုင်ငံရဲ့ အကောင်းဆုံး ပြည်တွင်း ဘဏ်တစ်ခုဖြစ်ဖို့နဲ့ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ မျှော်မှန်းချက်နဲ့ ခိုင်မာတဲ့ ကတိကဝတ်အတွက် ရလဒ်ကောင်းတစ်ခု ရလိုက်သလိုပါပဲ။ KBZPay ကနေတစ်ဆင့် သန်းပေါင်းများစွာသော ပြည်သူတွေနဲ့ သူတို့ရဲ့ မိသားစုတွေ၊ သူငယ်ချင်းမိတ်ဆွေတွေနဲ့ အဖွဲ့အစည်းတွေကို ချိတ်ဆက်ပေးသွားမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ မိုဘိုင်းဦးစားပေး စီးပွားရေးစနစ် အလျင်အမြန် ပေါ်ပေါက်လာအောင် ဆောင်ရွက်ပေးသွားမှာပါ။” ဟု ပြောကြားခဲ့သည်။

မြန်မာနိုင်ငံသည် မိုဘိုင်းဦးစားပေးနိုင်ငံအဖြစ်သို့ တိုးတက်ပြောင်းလဲလျက်ရှိနေသည့် ထင်ရှားသော တိုးတက်မှုပြယုဂ်အနေဖြင့် ၂၀၁၉ ခုနှစ် မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁ ရက်နေ့အထိ ငါးရက်တာ ကာလအတွင်း ဘဏ်ဝန်ဆောင်မှု အသုံးပြုသူများမှ KBZPay အသုံးပြုမှု အကြိမ်အရေအတွက်ပေါင်း တစ်သန်း ကျော်အထိ ပြည့်မြောက်အောင် ဆောင်ရွက်ခဲ့ကြပြီး သမိုင်းမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ကြောင်း ကမ္ဘောဇဘဏ်မှ မကြာသေးမီက ထုတ်ပြန်ခဲ့ပါသည်။

အသုံးပြုသူများမှာ KBZPay ဖြင့် ငွေသားမဲ့ အသုံးပြုမှု အကြိမ်ပေါင်းမြောက်မြားစွာအတွက် အသုံးပြုခဲ့ပြီး အဆိုပါ အသုံးပြုမှုအမျိုးမျိုးတွင် ဖုန်းငွေဖြည့်သွင်းနိုင်ခြင်းနှင့် အင်တာနက်ဒေတာများ ဝယ်ယူခြင်း၊ ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်ခြင်း၊ စားသောက်ဆိုင်ခန်းများတွင် QR code ဖြင့် ငွေပေးချေမှုပြုလုပ်ခြင်း၊ ဝန်ဆောင်မှု အသုံးပြုခြင်းအတွက် ဘဏ်ခွဲကောင်တာ (OTC) များတွင်သာမက Quick Pay အသုံးပြု၍ ငွေပေးချေခြင်း စသည့်တို့ ပါဝင်ခဲ့ပါသည်။ အဆိုပါ သမိုင်းမှတ်တိုင်သည် ကမ္ဘောဇဘဏ်မှ နိုင်ငံတစ်ဝန်းရှိ အသုံးပြုသူများအား ငွေသားမဲ့ လုပ်ဆောင်ချက်၏ အကျိုးကျေးဇူးများကို လက်တွေ့သိရှိစေရန် တိုက်တွန်းအားပေးခဲ့ခြင်းများကြောင့် ရရှိခဲ့ခြင်း ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် Asiamoney က ပေးအပ်ချီးမြှင့်သော အောက်ဖော်ပြပါ ဘဏ်လုပ်ငန်းဆိုင်ရာဆုများကို ယခင်နှစ်များအတွင်း လက်ခံရရှိခဲ့ပါသည်။

၂၀၁၈ ခုနှစ် – အနာဂတ်အလင်းတန်းမြန်မာဖောင်ဒေးရှင်းမှ ဦးဆာင်ခဲ့သည့် လူမှုအကျိုးပြု လုပ်ဆောင်ချက်များကြောင့် ၂၀၁၈ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်း “ အကောင်းဆုံး လူမှုအကျိုးပြုဘဏ်” ဆု ရရှိခဲ့ပါသည်။

၂၀၁၇ ခုနှစ် – “ အကောင်းဆုံး ပြည်တွင်းဘဏ်” ဆုနှင့် ” အကောင်းဆုံး စီးပွားရေးလုပ်ငန်းဆိုင်ရာနှင့် ရင်းနှီးမြှုပ်နှံမှု” ဆု

KBZ ဘဏ်သည် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် Finalcial Times မှ ပေးအပ်ချီးမြှင့်သည့် ဂုဏ်ယူဖွယ်ရာ ‘Bank of the Year – Myanmar 2018’ ဆုကြီးကို ရရှိခဲ့ပြီးသည့်နောက်တွင် Asiamoney မှ ချီးမြှင့်သည့် ဆုကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါ ဆုကြီးမှာ ဘဏ်လုပ်ငန်းဆိုင်ရာ သာလွန်ကောင်းမွန်မှု သတင်းအချက်အလက် များကို လေ့လာ၍ ကဏ္ဍအလိုက် သတ်မှတ်ထားသော စံနှုန်းများဖြင့် ဂရုတစိုက် ရွေးချယ်ပြီး နိုင်ငံအလိုက် အကောင်းဆုံး အဆင့်ရှိသည့် ဘဏ်များကို ဂုဏ်ပြုချီးမြှင့်သော ဆုကြီး ဖြစ်ပါသည်။