ကမ္ဘောဇဘဏ်၏ နှစ် (၃၀) ပြည့်နှစ်ပတ်လည်အခမ်းအနားကျင်းပခြင်း

ရန်ကုန်၊ မြန်မာ၊  ဇူလိုင်လ ၁ ရက်၊ ၂၀၂၄ ခုနှစ် – ကမ္ဘောဇဘဏ်လီမိတက်သည် မြန်မာနိုင်ငံသူ၊ နိုင်ငံသားအားလုံး အတွက် ဝန်ဆောင်မှုပေးခဲ့သည်မှာယနေ့ ဇူလိုင်လ (၁) ရက်နေ့တွင် နှစ်ပေါင်း (၃၀) ပြည့် မြောက်ခဲ့ပြီဖြစ်ပါသည်။ ကမ္ဘောဇဘဏ်၏ ကတိကဝတ်များဖြစ်သည့် ရေရှည်တည်တံ့ခိုင်မြဲသော အနာဂတ်နှင့် လူမှုအသိုင်းအဝန်းတစ်ခုလုံး ဖွံ့ဖြိုးတိုးတက်ရေး၊ လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေး၊ လူမှုအကျိုးပြု လုပ်ငန်းများ ဆက်လက် အကောင်အထည်ဖော်သွားရေး စသည်တို့ကို ပိုမိုခိုင်မာ အားကောင်းအောင် တစိုက်မတ်မတ် ဆောင်ရွက်ကာ ဤဂုဏ်ယူဖွယ်ရာ နှစ် (၃၀) ခရီးလမ်းကို အားလုံးနှင့်အတူအောင်မြင်စွာလျှောက်လှမ်း နိုင်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတွင် ဝန်ဆောင်မှုပေးခြင်း နှစ် (၃၀) ပြည့်အထိမ်းအမှတ်အနေဖြင့် မုတ်သုံကာလ အတွင်း သစ်ပင်‌ပေါင်း (၃၀,၀၀၀) စိုက်ပျိုးသည့် အစီအစဉ်နှင့် လူမှုအဖွဲ့အစည်း (၃၀) သို့ အလှူငွေများ လှူဒါန်းသည့် အစီအစဉ်များကို နိုင်ငံတဝန်းရှိ ဝန်ထမ်း ၁၂,၀၀၀ ကျော်နှင့်အတူ ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့ဝန်ဆောင်မှု ပေးလျက်ရှိသည့် လူမှုအသိုင်းအဝန်းများ ဖွံ့ဖြိုးတိုးတက်စေရေးသည် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်ဖြစ်သည့် အားလျော်စွာ လူမှုအသိုင်းအဝန်းအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေသည့် နိုင်ငံတစ်ဝှမ်းမှ အဖွဲ့အစည်း (၃၀) သို့ တစ်ဖွဲ့လျှင် ငွေကျပ် (၃၀) သိန်းစီလှူဒါန်းခဲ့ပါသည်။ လှူဒါန်းခဲ့သည့် အဖွဲ့အစည်းများတွင်  ဘိုးဘွားရိပ်သာများ၊ မိဘမဲ့ဂေဟာများ၊ မသန်စွမ်းအဖွဲ့အစည်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများ၊ သီလရှင်ကျောင်းများ၊ ကုသိုလ်ဖြစ်ဆေးရုံ၊ ဆေးပေးခန်းများ၊ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာများ၊ လူ (၃,၀၀၀) စာ အာဟာရစတုဒီသာ ကျွေးမွေးခြင်းအစီအစဉ်များ ပါဝင်ခဲ့ပြီး လူမျိုးဘာသာမခွဲခြားဘဲ စုံလင်ကွဲပြားသော လူမှုအသိုင်းအဝန်းကို ကိုယ်စားပြုနိုင်စေရန် ရည်ရွယ်လှုဒါန်းခဲ့ခြင်းဖြစ်ပါသည်။ 

မုတ်သုံရာသီ သစ်ပင်စိုက်ပျိုးမှုကိုလည်း ရန်ကုန်နှင့် အောက်မြန်မာပြည်နယ်မြေများ‌တွင် သစ်ပင်ပေါင်း ၅,၀၀၀၊ မန္တလေး၊ အထက်မြန်မာပြည်နှင့် နေပြည်တော်နယ်မြေများတွင် သစ်ပင်ပေါင်း ၁၇,၅၀၀ နှင့် ရှမ်း-ကယား နယ်မြေများတွင် သစ်ပင်ပေါင်း ၇,၅၀၀၊ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် သစ်ပင်‌ပေါင်း (၃၀,၀၀၀) စိုက်ပျိုးရန် လျာထားပါသည်။ ယင်းအစီအစဉ်၏ ကနဦးလှုပ်ရှားမှုအဖြစ်  တောင်ကြီး၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန် တောင်ကြီး၊ ဟဲဟိုး၊ ရေနံချောင်း၊ ချောက်၊ ပခုက္ကူ၊ မကွေး၊ မိတ္ထီလာ၊ မန္တလေး၊ နေပြည်တော်နှင့် ရန်ကုန် တို့တွင် ဒေသအလိုက် သစ်ပင်စိုက်ပျိုးပွဲများ ကျင်းပခဲ့ကြပြီး ဇွန်လ (၃၀) ရက်နေ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အာစိဏ္ဏသီရိ ပရဟိတကျောင်းတိုက်တွင် ကျင်းပသော သစ်ပင်စိုက်ပျိုးပွဲတွင် ကမ္ဘောဇဘဏ် ဒါရိုက်တာအဖွဲ့ဝင်များ၊ အမှုဆောင်အရာရှိချုပ်နှင့် အကြီးတန်းအရာရှိများ အပါအဝင် ဘဏ်အရာထမ်း၊ ဝန်ထမ်း (၁၀၀) ကျော်တို့က တက်တက်ကြွကြွ ပါဝင်စိုက်ပျိုးခဲ့ကြပါသည်။   

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်က “ကမ္ဘောဇဘဏ် နှစ် (၃၀) ပြည့်မြောက်ချိန်မှာ ကျွန်တော်တို့ လျှောက်လှမ်းခဲ့ရတဲ့ ခရီးလမ်းတစ်လျှောက်ကို ပြန်လည်မြင်ယောင်သုံးသပ်မိပါတယ်။ ဖြတ်သန်းခဲ့တဲ့ ဆယ်စုနှစ် (၃) ခုတာကာလလုံး ဘဏ်ဝန်ဆောင်မှုပေးတဲ့အခါ မေတ္တာ၊ သတ္တိ၊ ဝီရိယဆိုတဲ့ ဘဏ်ရဲ့ စံတန်ဖိုး တွေကို အမှီပြုရင်း ကမ္ဘောဇဘဏ် အသုံးပြုသူတွေအတွက် အပြုသဘောဆောင်တဲ့ တိုးတက်ပြောင်းလဲမှုများစွာကို ပုံဖော်ပေးနိုင်ခဲ့ပါတယ်။ ဘဏ်စတင်တည်ထောင်စဉ်တည်းကရှိခဲ့တဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူ ပေးဖို့ဆိုတဲ့ ကျွန်တော်တို့ရဲ့ ကတိကဝတ်ဟာဆိုရင်လည်း ယခုအထိ ခိုင်မာနေဆဲ ဖြစ်ပါတယ်။ ဒီနေ့ပြုလုပ်တဲ့ သစ်ပင်ပေါင်း (၃၀,၀၀၀) စိုက်တဲ့အစီအစဉ်နဲ့၊ လူမှုအဖွဲ့အစည်းပေါင်း (၃၀) အတွက် ပံ့ပိုးကူညီ တဲ့အစီအစဉ်တွေဟာ ဒီကတိကဝတ် တွေကို ထင်ဟပ်စေတဲ့ လုပ်ဆောင်ချက်တချို့ပဲ ဖြစ်ပါတယ်။” ဟူ၍ပြော ကြားခဲ့ပါသည်။

စတင်တည်ထောင်ခဲ့သည့် (၁၉၉၄) ခုနှစ်မှစ၍ ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံ၏ဘဏ်လုပ်ငန်းကဏ္ဍတွင် ခိုင်မြဲသည့် အုတ်မြစ်တစ်ခုအနေဖြင့် ရပ်တည်လျက်ရှိပါသည်။ တစ်နိုင်ငံလုံးတွင် ဘဏ်ခွဲနှင့် KBZPay Center စုစုပေါင်း (၅၀၀) ခန့်  ဖြင့် အကြီးမားဆုံးဘဏ်ခွဲကွန်ရက်ဖြန့်ကျက်ထားနိုင်ခဲ့ပြီး ဘဏ်အသုံးပြုသူ (၅.၂) သန်းအား ဝန်ဆောင်မှုများ ပေးလျက်ရှိသလို ဒစ်ဂျစ်တယ်ဘဏ်လုပ်ငန်း နည်းပညာမျိုးစုံကိုလည်း ပြည်သူများထံသို့ မိတ်ဆက် အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။ ယခုဆိုလျှင် ကမ္ဘောဇဘဏ်၏ ဒစ်ဂျစ်တယ် ငွေကြေးစနစ်ဖြစ်သည့် m/iBankingကို အသုံးပြုသူ (၁.၃) သန်းထိ ဝန်ဆောင်မှုပေးနိုင်နေပြီဖြစ်ပါသည်။ ဤအချက်သည် လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေး ဦးတည်ချက်၏အသီးအပွင့် များဖြစ်ပါသည်။

ကမ္ဘောဇဘဏ်သည် ဘဏ်လုပ်ငန်းမှတစ်ဆင့် ပြည်သူများ၏ လူမှုစီးပွါးဘဝများကို မြှင့်တင်ပေးနိုင်ရန် ရည်ရွယ် သည့်အလျောက်  သာမန်ပြည်သူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ပြီး၊ ၎င်းတို့၏ လူနေမှုဘဝများ အား တိုးတက်လာစေမည့် အမျိုးမျိုးသော ဘဏ်လုပ်ငန်းဝန်ဆောင်မှုများကို ဘက်ပေါင်းစုံမှ အကောင်အထည် ဖော်ဆောင်ရွက်ပေးနေပါသည်။ ဥပမာတစ်ခုအနေဖြင့် ကမ္ဘောဇဘဏ် အိမ်ယာချေးငွေ အစီအစဉ်မှတဆင့် ထောင်ပေါင်းများစွာသောမိသားစုများ၏ ကိုယ်ပိုင်အိမ်ရရှိရေးအိပ်မက်များအားလက်တွေ့အကောင်အထည်ဖော် နိုင်ရန် ပံ့ပိုးပေးနိုင်ခဲ့ပါသည်။   ပညာရေး၊ ကျန်းမာရေးနှင့် တစ်ဦးချင်း ငွေရေးကြေးရေး အခြေအနေများအတွက် အံဝင်ခွင်ကျဖြစ်စေသည့် အခြားသောဘဏ်လုပ်ငန်းဝန်ဆောင်မှုများနည်းတူ မိမိတို့ဘဏ်အသုံးပြုသူများ၏ လူမှု စီးပွါးဘဝ မြင့်မားအောင် ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်၏ ကြိုးပမ်းဆောင်ရွက်မှုကို ဖော်ပြနေခြင်းလည်း ဖြစ်ပါသည်။  

ကမ္ဘောဇဘဏ်သည် တစ်ဦးချင်းဘဏ်လုပ်ငန်း အသုံးပြုသူများသာမက နိုင်ငံတွင်းရှိ အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ၊ ကုန်သွယ်မှုစီးပွားရေးလုပ်ငန်းများ၊ အခြားစီးပွားရေးလုပ်ငန်းများစွာ ဖွံ့ဖြိုးတိုးတက်လာ စေရန် ဆောင်ရွက်ရာတွင်လည်း အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သည့်ငွေကြေးဝန်ဆောင်မှုလုပ်ငန်းများ၊ဘဏ္ဍာရေး အထောက် အပံ့များ၊ အကြံပေးဝန်ဆောင်မှုများကိုပေးနိုင်ခဲ့သည့်အတွက်အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းအမျိုး မျိုး ကြီးထွားတိုးတက်လာပြီး ဒေသတွင်း၊ နိုင်ငံတွင်း စီးပွားရေးလုပ်ငန်းများကို အထောက်အကူပေးနိုင်စေရန် ကမ္ဘောဇဘဏ်က ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။ 

နှစ် (၃၀) ခရီးတလျှောက်တွင် COVID-19 ကပ်ရောဂါကဲ့သို့သော စိန်ခေါ်မှုအများအပြားကိုကြုံတွေ့ခဲ့ရသည့် ကာလများအတွင်းတွင်လည်း ကမ္ဘောဇဘဏ်သည်ဒေသန္တရစီးပွားရေးလုပ်ငန်းများ၊ လူမှုအဖွဲ့အစည်းများအတွက် ပြောင်းလွယ်ပြင်လွယ်ရှိသည့် ချေးငွေအစီအမံများ၊ ငွေရေးကြေးရေးအရ သက်သာမှုရှိစေမည့် နည်းလမ်းအစီအစဉ်များ၊ စီးပွားရေးလုပ်ငန်းများအား အရှိန်အဟုန်မပျက် ဆောင်ရွက်နိုင်စေမည့် ကြိုးပမ်းဆောင်ရွက်ချက်များဖြင့် လုပ်ငန်းများကို ဆက်လက်ရှင်သန်ရပ်တည်နိုင်စေရန် ဂုဏ်ယူစွာ ပံ့ပိုးပေးနိုင်ခဲ့ပါသည်။

ကမ္ဘောဇဘဏ်သည်တစ်ချိန်တည်းမှာပင် လူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ် ဖော်ဆောင်ရေး ဟူသည့် ရည်မှန်းချက်ကို အကောင်အထည် ဖော်နိုင်ရန် (၂၀၁၈) ခုနှစ်တွင် KBZPay ကို မြန်မာပြည်သူများထံ စတင်မိတ်ဆက်ခဲ့ပါသည်။ လက်ရှိအချိန်တွင် အသုံးပြုသူ (၁၆) သန်းကျော်ရှိပြီဖြစ်သည့် Mobile Application တွင်ငွေကြေးများကို သိမ်းဆည်းထားခြင်း၊ ငွေလွှဲခြင်းနှင့်ငွေပေးချေခြင်းများကို စမတ်ဖုန်းမှတစ်ဆင့် တိုက်ရိုက် ဆောင်ရွက်နိုင်စေသည့်အပြင် E-commerce (KBZPay Market) Teleconsultation Service (My Medicine) ၊ သတင်းနှင့်ဖျော်ဖြေရေး (Official Accounts) Chat နှင့် Game များအပါအဝင် ဆန်းသစ်သော လုပ်ဆောင်ချက်အသစ်များဖြင့် အားဖြည့်ကာ Mobile Wallet တစ်ခုထက်ပိုမိုသည့် ခိုင်မာအားကောင်းသော ဒစ်ဂျစ်တယ် ဂေဟစနစ်တစ်ခုကို တည်ဆောက်နိုင်ခဲ့ပြီးဖြစ်ပါသည်။ 

မြန်မာနိုင်ငံမှာ ပုဂ္ဂလိကဘဏ်လုပ်ငန်းလိုင်စင်တွေရပြီး ဘဏ်တွေစဖွင့်ခဲ့တာ ၁၉၉၂ ခုနှစ်ကဆိုတော့ ကျွန်တော်တို့ဘဏ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၉၄ ခုနှစ်လောက်ကမှ မြန်မာနိုင်ငံမှာ သမားရိုးကျဘဏ်လုပ်ငန်းနဲ့ စတင်မိတ်ဆက်ခဲ့တယ်လို့ ပြောလို့ရပါတယ်။ ဒီနေ့အချိန်မှာဆိုရင်တော့ World Bank ရဲ့ အချက်အလက်တွေအရ  (Mobile Wallet အပါအဝင်) ဘဏ်ဝန်ဆောင်မှုအသုံးပြုသူ (၅၀) ရာခိုင်နှုန်း နီးပါးအထိရှိလာတာကို ကြည့်ခြင်းဖြင့် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကို မြင်သာနိုင်ပါတယ်။ ပုံမှန်ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေအပြင် ဒစ်ဂျစ်တယ်ဘဏ်ဝန်ဆောင်မှုတွေလည်း အရှိန်အဟုန်နဲ့ တိုးတက်လာတာ ဖြစ်ပါတယ်။ ဒါဟာ နိုင်ငံ့စီးပွားရေးအတွက် ကြီးမားကောင်းမွန်တဲ့ အရွေ့ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်တွေမှာ ဘဏ်လုပ်ငန်းနဲ့ ထိတွေ့ဆက်ဆံမှုမရှိတဲ့၊ အကျွမ်းတဝင်မရှိတဲ့ ပြည်သူတွေကို ဘဏ်လုပ်ငန်းစနစ်အတွင်း ပေါင်းစည်းပါဝင်လာစေဖို့ ကြိုးပမ်းဆောင်ရွက်ခဲ့မှု ရလဒ်အနေနဲ့ ဒီနေ့အချိန်မှာတော့ နိုင်ငံတွင်း ဘဏ်လုပ်ငန်းအသုံးပြုသူ အားလုံးရဲ့  ၄၀% ကို ကမ္ဘောဇဘဏ်က ဝန်ဆောင်မှုပေးနိုင်နေပါပြီ။ ဒါကို ကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအရွေ့အပေါ်မှာ ကမ္ဘောဇဘဏ်က အားတစ်ခုအနေနဲ့ တစ်ထောင့်တစ်နေရာက ပါဝင်ပံ့ပိုးနိုင်ခဲ့ တယ်ဆိုတာ မြင်သာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံ့စီးပွားရေးသွေးကြောလို့ ခေါ်နိုင်တဲ့ SME လုပ်ငန်းတွေ၊ စွန့်ဦးတီထွင်လုပ်ငန်းတွေအတွက် ပြီးပြည့်စုံတဲ့ ဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးအပ်နိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပြည်သူတစ်ဦးချင်းနဲ့ စီးပွားရေး လုပ်ငန်းတွေ အားကောင်းတိုးတက်လာစေဖို့ ကျွန်တော်တို့အနေနဲ့ မဆုတ်မနစ် ဆက်လက် ကြိုးပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်က ပြောကြားခဲ့ပါသည်။

ဆန်းသစ်တီထွင်မှုရှိသည့် ဘဏ်ဝန်ဆောင်မှုများ၊ ကောင်းမွန်သည့် customer ဝန်ဆောင်မှုများ၊ လူမှုအဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အပေါ်တွင် အားသွန်ခွန်စိုက်ဆောင်ရွက်နေရင်း မြန်မာနိုင်ငံအတွင်းဘဏ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်သော ဘဏ္ဍာရေးစနစ်ဖော်ဆောင်ရေး ကမ္ဘောဇဘဏ်က ဆက်လက်ဦးတည်ဆောင်ရွက်နေလျက် ရှိပါသည်။   

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ ဟဲဟိုးမြို့တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ မန္တလေး မြို့တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ နေပြည်တော်တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ ပခုက္ကူမြို့တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ တောင်ကြီးမြို့တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ တိုက်ကြီး၊ ရန်ကုန်မြို့တွင် စုပေါင်းသစ်ပင်စိုက်ကြစဉ်

KIX PHOTOGRAPHY(C)

ကမ္ဘောဇဘဏ် အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင် သစ်ပင်စိုက်ပျိုးနေစဉ်

KIX PHOTOGRAPHY(C)

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ အာစိဏ္ဏသီရိ ပရဟိတကျောင်းတိုက်တွင် ကျင်းပသော သစ်ပင်စိုက်ပျိုးပွဲနှင့် အလှူဒါနတွင် ပါဝင်ခဲ့သော ကမ္ဘောဇဘဏ် အရာထမ်း၊ ဝန်ထမ်းများ

KIX PHOTOGRAPHY(C)