KBZ Bank Calendar 2026 mm
ရွှေရောင်နေ့ရက်သစ်များဆီသို့
ကမ္ဘောဇဘဏ်၏ ၂၀၂၆ ခုနှစ် ပြက္ခဒိန်ကို ဖန်တီးရာတွင် သတ္တလောကကြီး၏ သဘာဝက ပေးအပ်ထားသော ပကတိအလှတရားနှင့်၊ လူသားတို့၏ ခံနိုင်ရည်ရှိမှု၊ စားဝတ်နေရေးအတွက် နိစ္စဓူဝ ရှင်သန်ရုန်းကန်ရင်း နေ့ရက်သစ်တိုင်းအား အားမာန်၊ ဇွဲ၊ လုံ့လ၊ ဝီရိယတို့ဖြင့် ဟန်ချက်ညီညီ ဖြတ်သန်းမှုတို့ဖြင့် ဘဝမျှော်လင့်ချက်များ ပြည့်ဝလာမည့် ရွှေရောင်တောက်ပသည့် အနာဂတ်နေ့ရက်သစ်များဆီသို့ ဦးတည်နေကြခြင်းကို ရည်ညွှန်း၍ ဖန်တီး ပုံဖော်ထားပါသည်။
ယခုနှစ် စားပွဲတင်ပြက္ခဒိန်ကို ယခင်နှစ်များအတိုင်း အရွယ်အစားလျှော့ချထားခြင်း၊ ပလတ်စတစ်မဟုတ်သော သံကွင်းအနှောင့်ကို အသုံးပြုထားခြင်း၊ စာမျက်နှာများကို ပလတ်စတစ် မလောင်းဘဲ ထုပ်ပိုးမှုတွင်လည်း ပြန်လည်အသုံးပြုနိုင်သော ထုပ်ပိုးမှုနှင့် စီစဥ်ထားခြင်းတို့ဖြင့် အရင်းအမြစ်များ ပြုန်းတီးမှုကို လျော့နည်းသွားစေရန်၊ စွန့်ပစ်ပစ္စည်းမှ ပြန်လည်အသုံးပြုနိုင်စွမ်း အပြည့်အဝရရှိစေရန်နှင့် သဘာ၀ပတ်၀န်းကျင်အပေါ် ဘေးထွက်ဆိုးကျိုး သက်ရောက်မှုများကို လျော့ကျစေရန် စီစဥ် ဖန်တီးထားပါသည်။

မျှော်လင့်ချက်
ဓာတ်ပုံဆရာ – အောင်ချမ်းသာ
မျှော်လင့်ချက်ဟူသည် ဘဝ၏ အရေးပါသည့် ထောက်တိုင်တစ်ခု ဖြစ်သည်။ မျှော်လင့်ရင်း အသက်ရှင်ကြရသည်။ မျှော်လင့်ချက်များဖြင့် နေ့ရက်များကို ဖြတ်သန်းကြရသည်။ ရယူပိုင်ဆိုင်လိုမှုများဖြင့် မျှော်လင့်ကြသကဲ့သို့၊ ပေးဆပ် စွန့်လွှတ်ရင်းဖြင့်လည်း မျှော်လင့်ကြရပြန်သည်။ မျှော်လင့်ချက်သည် ကောက်ရိုးတစ်မျှင်ဆိုပါက ထိုကောက်ရိုးမျှင်လေးကို မလွတ်တမ်း ဆုပ်ကိုင်ထားချင်ကြသည်။ မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခြင်းကို တွေးပူနေခြင်းထက်၊ ပိုမို တောက်ပလာအောင် လက်တွေ့ကျကျ အကောင်အထည်ဖော်ဆောင်ခြင်းဖြင့် မျှော်လင့်ချက်များ ပြည့်ဝလာစေနိုင်ပါသည်။

ခူးဆွတ်လုံမေ
ဓာတ်ပုံဆရာ – ကျော်ဇောလေး
‘သင်စိုက်ပျိုးသော စိုက်ခင်းကို သင်ကိုယ်တိုင် ရိတ်သိမ်းရမည်’ ဟူသည့် စကားသည် စတင်သည်မှ စ၍ အပြီးသတ်သည် အထိ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိရမည်ကို မီးမောင်းထိုးပြလိုက်ခြင်းပင် ဖြစ်သည်။ အချိန်ပေး၊ အပင်ပန်းခံပြီး မြေဆွ၊ ပျိုးကြဲ ရေလောင်း၊ ပေါင်းသင်ခဲ့မည်ဆိုပါက ရလဒ်ကောင်းအဖြစ် သီးပွင့်ဝေဆာလာချိန်တွင် ကိုယ်တိုင် ဆွတ်ယူစားသုံးနိုင်သကဲ့သို့၊ အခြားသူသို့ မျှဝေပေးနိုင်မည်။ ကိုယ်တိုင်စိုက်ပျိုးခဲ့သည်များ ဖြစ်ထွန်းအောင်မြင်လာသည်ကို မြင်ရချိန်တွင် တစ်ဖန်ပြန်လည်ရရှိသည့် ပီတိက နှိုင်းဆ မရအောင်ပင် ရှိလှသည်။ စိတ်တိုင်းကျ စိုက်ပျိုးပြီးချိန်တွင် ကျေနပ်ပီတိဖြစ်ရသကဲ့သို့ ရိတ်သိမ်းပြီးချိန်တွင်လည်း ကြည်နူးပျော်ရွှင်နိုင်ပါသည်။

အမွေအနှစ်
ဓာတ်ပုံဆရာ – ကျော်ဇောလေး
အမွေအနှစ်ဟူသည် လူသားတို့၏ အမှတ်သညာ ဖြစ်၍ လေးစားရန်၊ တန်ဖိုးထားရန်၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်လှသည်။ အတိတ်သမိုင်း၊ မူလအစနှင့် ယဉ်ကျေးမှုကို မသိသော လူသည် အမြစ်မရှိသော သစ်ပင်နှင့် တူသည်။ ယဉ်ကျေးမှုအမွေအနှစ်သည် ရှေးဟောင်းအမွေအနှစ်များနှင့် ရိုးရာဓလေ့များထက် များစွာပိုပါသည်။ ၎င်းသည် လူ့အသိုင်းအဝိုင်း၏ နှလုံးခုန်သံနှင့် အနာဂတ်မျိုးဆက်သစ်များကို လမ်းညွှန်ပေးသော လမ်းပြမြေပုံ ဖြစ်သည်။ ကမ္ဘာနှင့်တစ်ဝန်းရှိနေသည့် ကွဲပြားသည့် ယဉ်ကျေးမှုများနှင့် အမွေအနှစ်များကို မပစ်ပယ် မပျက်စီးစေရန်အတွက် ဝိုင်းဝန်း၍ ထိန်းသိမ်း စောင့်ရှောက်ရန် လိုအပ်လှပေသည်။

ပျိုမေတစ်သင်း ရေခပ်ဆင်း
ဓာတ်ပုံဆရာ – ကျော်ဇောလေး
“မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွား၊ ဝေးဝေးကို သွားချင်ရင် အတူတူသွား” ဆိုသည့် အာဖရိကစကားပုံကဲ့သို့ တစ်ဦးကောင်း တစ်ယောက်ကောင်း ဆောင်ရွက်လုပ်ကိုင်ခြင်းထက် အဖွဲ့လိုက်ကြိုးစားမှုသည် အောင်မြင်ပြီးမြောက်မှုကို သိသာထင်ရှားစေသည်။ အဖွဲ့လိုက်လုပ်ဆောင်ခြင်းသည် သာမန်လူများကို ထူးထူးခြားခြား ရလဒ်ကောင်းများ ရရှိစေသည့် လျှို့ဝှက်ချက် ဖြစ်သည်။ ကိုယ်တိုင်က ထက်မြက်သာလွန်သူ မဟုတ်သော်ငြား ထက်မြက်သာလွန်သည့် လုပ်ဖော်ကိုင်ဖက်များကို တွေ့ရှိနိင်ပါသည်။ ကြယ်တစ်ပွင့်တည်းဖြင့် ကောင်းကင်ပြင်ကျယ်ကြီး မလင်းလက်နိုင်သော်လည်း ကြယ်ပွင့်လေးများ ပေါင်းစုလင်းလက်မှုဖြင့် ထိန်ထိန်ညီးသော ကောင်းကင်ကြီး ဖြစ်လာနိုင်ပါသည်။

အိမ်ပြန်ချိန်
ဓာတ်ပုံဆရာ – နိုင်ထွန်းဝင်း
အိမ်သည် နေရာတစ်ခုထက် ပိုသည်။ မတူညီသည့် ဘဝများကို နွေးထွေးလုံခြုံမှု၊ ချစ်ခြင်းမေတ္တာတို့ဖြင့် ပုံဖော်ပေးသည့် ရပ်ဝန်း ဖြစ်သည်။ အိမ်ကို လူအများနေထိုင်ရာ အဆောက်အဦတစ်ခုဟု သတ်မှတ်၍ရသော်ငြား အိမ်အတွင်းတွင် နေထိုင်သော မိသားစုဘဝမှာ မေတ္တာများ အိပ်မက်များဖြင့် တည်ဆောက်ထားသည်။ အကျွမ်းတဝင်ရှိသော နံရံများ၊ အလှပန်းအိုးမှ ရွက်လွှာလေး၏ လှုပ်ခတ်မှု၊ ပြန့်ကျဲနေနိုင်သည့် အသုံးအဆောင်များ၊ အလုအယက် စကားသံများ၊ တချက်ချက် မြည်နေသည့် နာရီစက်သံ စသဖြင့် သက်ရှိ သက်မဲ့များ၏ ဖမ်းစားမှု၊ သက်သောင့်သက်သာရှိမှု၊ ချစ်ရသူများနှင့် တစ်မိုးအောက် အတူတူ၊ ပျော်ရွှင်ခြင်း သို့မဟုတ် အထီးကျန်ခြင်း သို့မဟုတ် ငြိမ်သက်ခြင်း စသဖြင့် အိမ်သည် လူတိုင်းအတွက် ထူးခြားသော အဓိပ္ပာယ်ကို ဖော်ဆောင်သည်။ အိမ်ပြန်ချိန်ကို တံခါးဝမှ စောင့်မျှော်နေမည့်သူ ရှိနိုင်သကဲ့သို့၊ အကြောင်း အမျိုးမျိုးကြောင့် အိမ်နှင့် ဝေးကွာနေသူများ ရှိနိုင်သည်။ အိမ်ပြန်ချိန်လမ်းတစ်လျှောက်သည် စောင့်ကြိုနေမည့် သူများကို စိတ်မှန်းဖြင့် မျှော်တွေးရင်း အိမ်ကို လွမ်းတစိတ် ပိုကဲလာစေသည်။

လွမ်းရေးထက် ဝမ်းရေးခက်
ဓာတ်ပုံဆရာ – ကျော်ဇောလေး
‘လွမ်းရေးထက် ဝမ်းရေးခက်’ ဆိုသောစကားသည် လက်တွေ့ကျကျ ရှင်သန်ရန်အတွက် လှုပ်နှိုးလိုက်သည့် ဘဝ၏ ခေါင်းလောင်းသံ ဖြစ်သည်။ နိစ္စဓူဝ ဝမ်းရေးကို နည်းလမ်းအမျိုးမျိုးဖြင့် ဖြေရှင်းကြရသည်။ နံနက်အရုဏ်တက်ချိန် ကျေးငှက်များ၏ တေးသံနှင့်အတူ လုပ်ငန်းခွင်ဝင်ရသူများ ရှိသကဲ့သို့၊ ညဥ့်အချိန်ထိ လုပ်ငန်းတာဝန်များကို ထမ်းဆောင်ပြီးမှ အိပ်ရာဝင်ကြရသူများလည်း ရှိသည်။ အူမတောင့်မှ သီလစောင့်နိုင်မည် ဆိုသော်လည်း သီလလုံစွာဖြင့် ဝမ်းရေးကို ဖြေရှင်းနိုင်ရန်ကလည်း ပို၍ပင် အရေးကြီးပေသည်။

‘….ဆီသို့’
ဓာတ်ပုံဆရာ – ကျော်ဇောလေး
ခရီးတစ်ခုစတင်ရန် ဆုံးဖြတ်ချက် ချပြီးသောအခါ နောက်ပြန်မလှည့်စတမ်း ရှေ့တူရူသို့ တစိုက်မတ်မတ် သွားရန် လိုအပ်ပါသည်။ လမ်းတစ်လျှောက် မည်သို့သော စိန်ခေါ်မှုများရှိနေပါစေ ပန်းတိုင်ဆီသို့ တည့်မတ်စွာ လျှောက်လှမ်းရန်နှင့် ခရီးမဆုံးမချင်း ခရီးစဥ်ကို ဖက်တွယ်ထားရန်မှာ အရေးကြီးလှပါသည်။ ခရီးစဥ်တစ်လျှောက် အကောင်းမြင်စိတ် ထားရှိခြင်းကလည်း အခက်အခဲကို လျော့ပါးစေ၍ ခရီးကို ပိုတွင်စေသည်။ အောင်မြင်သော ခရီးစဥ်များသည် မိုင်တိုင်အစမှနေ၍ ခရီးဖော်များအချင်းချင်း ကောင်းတူဆိုးဖက် လက်ချင်းတင်းတင်းဆုပ်၍ အပြန်အလှန် ယိုင်းပင်းကူညီခြင်းက သန္ဓေတည်၏။ နှလုံးသားဖြင့် ရင်း၍ ဉာဏ်ဖြင့် တည်ဆောက်ထားသည့် ခရီးစဥ်များသည် မိုင်တိုင်များစွာထိတိုင်အောင် ကောင်းသတင်းဖြင့် မှတ်ကျောက်တင်ခံနေမည် ဖြစ်သည်။

ဘဝသံသရာ
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
ဘီးတစ်ဘီးစီတွင် မျိုးဆက်ပေါင်းများစွာ၏ အတွေ့အကြုံ၊ လက်မှုပညာရှင်များ၏ ချွေးစက်များနှင့် ရိုးရာအမွေအနှစ်တို့၏ ဝိညာဉ်များ ပါဝင်ပါသည်။ ဤဘီးများ လည်ပတ်နေသမျှ ယဉ်ကျေးမှုလည်း ရှေ့သို့ ဆက်လက် ချီတက်နေပါလိမ့်မည်။ ခေတ်၏ အပြောင်းအလဲကြား လက်မှုပညာသည် အတိတ်နှင့် အနာဂတ်ကို ဆက်သွယ်ပေးသည့် အမာခံ ကြိုးတစ်ချောင်း ဖြစ်သည်။ ကြမ်းတမ်းသည့် ခရီးလမ်းများကို ဖြတ်သန်းနိုင်ရန် ဘီးများသည် ဝီရိယဖြင့် အကြိမ်ကြိမ် ပုံဖော်ခံရ၏။ အလုပ်တိုင်းတွင် ကိုယ်စီ တန်ဖိုးရှိသည်။ စက်ဝိုင်းပုံစံ စီထားသည့် ဘီးများသည် အဆုံးသတ်မရှိသည့် လည်ပတ်မှု၊ လက်ဆင့်ကမ်း အမွေဆက်ခံမှုနှင့် ရိုးရာဘဝ၏ သံသရာကို ဖော်ပြလျက်ရှိသည်။

ဝမ်းစာ
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
အရည်အချင်းနှင့် အသိပညာသည် တန်ဖိုးအရှိဆုံး ပိုင်ဆိုင်မှုများပင် ဖြစ်သည်။ ကိုယ်ပိုင်အနာဂတ်ကို ဖန်တီးရာတွင် ရည်ရွယ်ချက်နှင့် မိမိ၏ ဝါသနာကို ဦးစွာ ရှာဖွေသင့်သည်။ စိန်ခေါ်မှုများကို ကြံ့ကြံ့ခံဖြတ်ကျော်ကာ ဇွဲလုံ့လနှင့် စဉ်ဆက်မပြတ် လေ့လာသင်ယူခြင်းဖြင့် ဝမ်းစာကို ဖြည့်တင်းရန် လိုသည်။ ရုန်းကန်ခဲ့ရသည်များနှင့် အခက်အခဲများကို ဖြတ်သန်းပြီး အရှုံးမပေးရန် ဆုံးဖြတ်သည့်အခါ၊ ခွန်အားကို ဖြစ်တည်လာစေသည်။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားပြည့်နေရန် လိုအပ်သကဲ့သို့၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားပြည့်နေရန်လည်း လိုအပ်သည်။ လက်ရုံးရည်နှင့် နှလုံးရည် ပြည့်ဝလာသောအခါ အခက်အခဲများကို လွယ်လင့်တကူ ကျော်လွှားနိုင်သည့် စိတ်နှင့်ကိုယ်ကို ပိုင်ဆိုင်ခွင့် ရလာနိုင်သည်။ နူးညံ့သိမ်မွေ့သည့်အရာလောက် ခိုင်ခံ့သည့် အရာမရှိ။ ထို့အတူ စစ်မှန်သည့် ခွန်အားလောက် နူးညံ့သိမ်မွေ့သည့်အရာ မရှိ။

တဝမ်းတခါး
ဓာတ်ပုံဆရာ – သွယ်သွယ်ထွန်း
တစ်နေ့တာ၏ အစတွင် အမှောင်ထုက ပါးလျလာသည်နှင့်အမျှ အရုဏ်နံနက်ခင်း၏ အလင်းရောင်က တဖြည်းဖြည်းချင်း ဖြာကျလာသည်။ တိတ်ဆိတ်သော လမ်းခရီးသည် နေ့သစ်တစ်ခုဆီသို့ ဦးတည်နေပြီး ရိုးရှင်းသည့်ဘဝ၏ အနွေးဓာတ်နှင့် ခွန်အားကို ဖော်ပြနေပါသည်။ ဘဝခရီးလမ်း မည်မျှပင် ခက်ခဲကြမ်းတမ်းစေ၊ မည်မျှပင် ဝန်ပိစေကာမူ မျှော်လင့်ခြင်း၏ ဝန်ထုပ်ဝန်ပိုးများကို မဆုတ်မနစ် ထမ်းပိုးထားကြသည်။ မရပ်တန့်သမျှ မည်မျှပင် ဖြည်းဖြည်းသွားနေစေကာမူ အရေးမကြီးတော့ပါ။ ရိုးသားသော လုပ်အားနှင့် စိတ်ဆန္ဒတို့ ပေါင်းစပ်လိုက်လျှင် မည်သည့် အိပ်မက်မဆို အမှန်တကယ် ဖြစ်လာနိုင်ပါသည်။ စိတ်အားထက်သန်မှုက ပန်းတိုင်သို့ ရောက်စေရန် တွန်းအားပေးနေပြီး၊ ပန်းတိုင်ဆီ လျှောက်လှမ်းနေချိန်တွင် ရှိနေပြီးသား အရာများအတွက် ကျေးဇူးတင်စိတ် မွေးမြူပါ။ မဟုတ်ပါက ဘဝ၏ ပျော်ရွှင်မှုသည့် အနှစ်သာရမဲ့ချေမည်။

ဆီမီးမြိုင်မြိုင် လတန်ဆောင်တိုင်
ဓာတ်ပုံဆရာ – ဒေါက်တာ မြတ်ဇော်ဟိန်း
ယဥ်ကျေးမှုဟူသည် လူ့အဖွဲ့အစည်း၏ ခမ်းနားသည့် အနားသတ်မျဥ်းတစ်ကြောင်းဖြစ်ပြီး၊ ရိုးရာယဉ်ကျေးမှုများသည် နိုင်ငံတစ်နိုင်ငံ၏ အမှတ်တံဆိပ်များ ဖြစ်သည်။ ကမ္ဘာကြီး၏ အလှတရားသည် လူမျိုးအသီးသီး၏ မတူကွဲပြားသော ယဥ်ကျေးမှုနှင့် ဓလေ့ထုံးတမ်းတို့တွင် ရှိနေပါသည်။ ချစ်စဖွယ် ယဥ်ကျေးမှု၊ ဓလေ့နှင့် ထုံးတမ်းအစဥ်အလာတို့သည် လူမျိုးမရွေး၊ ဘာသာမရွေး လူသားတိုင်း၏ နှလုံးသည်းပွတ်တွင် အစဥ်အမြဲ ခိုတွယ်နေတတ်ပြီး၊ အပြန်အလှန် လေးစားချစ်ခင်မှုဖြင့် တည်တံ့အောင်၊ မပျောက်ပျက်အောင် အစဥ်အဆက် လက်ဆင့်ကမ်းလျက် ထိန်းသိမ်းစောင့်ရှောက်ရန်မှာ လူသားမျိုးနွယ်တို့၏ လူပီသသည့် တာဝန်ယူမှုပင် ဖြစ်သည်။ နိုင်ငံတိုင်း၊ အသိုက်အဝန်းတိုင်းရှိ တစ်ဦးချင်းတန်ဖိုးများ၊ စံနှုန်းများသည် တိကျသော သမိုင်းကြောင်းများ၊ ရှုပ်ထွေး နက်နဲသော ဖြစ်စဥ်များနှင့် ခိုင်ခိုင်မာမာ ချိတ်ဆက်ထားသဖြင့် ၎င်းတို့၏ ယဉ်ကျေးမှုကို နားလည်ရန် အားထုတ်ခြင်းသည် လူသားအချင်းချင်း အပြန်အလှန် လေးစားမှုကို ပြသရာ ရောက်သည်။

သမုဒ္ဒရာဝမ်းတစ်ထွာ
ဓာတ်ပုံဆရာ – ကျော်ကျော်ဝင်း
မိသားစုဝင်များ၏ အတူတကွ စုပေါင်းအားထုတ်မှုများသည် နေရောင်အောက်တွင် ဖြာထွက်နေသည့် အကောင်းဆုံး ခွန်အားများ ဖြစ်သည်။ နေထွက်ချိန်တိုင်းသည် ခရီးသစ်တစ်ခု၊ မျှော်လင့်ချက်အသစ်တစ်ခုကို သယ်ဆောင်လာသည်။ ရှေ့သို့ ဆက်လျှောက်ရန်သာ အရေးကြီး၏။ ဘဝခရီးက မည်မျှပင် ဝန်ပိစေကာမူ၊ မိသားစု၏ တွဲလက်များက အခက်အခဲ အားလုံးကို အတူတကွ တွန်းလှန်နိုင်သည့် အားအင်ပင်။ ရိုးရှင်းလှသည့် ဘဝထဲတွင် ကြီးမားသည့် ပန်းတိုင်များ ရှိနိုင်၏။ ချွေးစက်များနှင့်အတူ နေရောင်ခြည်က နေ့သစ်တစ်ခု၏ တန်ဖိုးကို ထင်ဟပ်စေပါသည်။ သမာအာဇီဝကျသည့် တာဝန်ယူမှုသည် ဘဝတွင် နောင်တကင်းကင်းဖြင့် တစ်သက်တာ လင်းလက်စေသည်။ စာနာမှု၊ နားလည်မှုနှင့် တစ်ဦးနှင့်တစ်ဦး နွေးထွေးစွာ စည်းလုံးခြင်းကလည်း တည်တံ့ခိုင်မြဲသည့် ဘဝများကို ဖြစ်တည်စေသည်။ ခွန်အားနှင့်အတူ မျှော်လင့်ချက်ဖြင့် လက်ချင်း ချိတ်ဆက်၍ ခရီးဆက်မည်ဆိုပါက မိုင်မည်မျှပင် ရှည်လျားစေကာမူ၊ ရည်ရွယ်ရာ ပန်းတိုင်သို့ မုချ ရောက်ရမည်မှာ မလွဲ ဧကန်ပင်ဖြစ်သည်။