ကမ္ဘောဇဘဏ်သည် စုံလင်ကွဲပြားမှုများကို တန်ဖိုးထားပြီး အားလုံးပါဝင်နိုင်သော လူမှုဝန်းကျင်ဖန်တီးနိုင်ရေးကို အစဉ်အလေးထားသည့်အလျောက် မသန်စွမ်းသူများ ပါဝင်လုပ်ကိုင်နိုင်မည့် လုပ်ငန်းခွင်ကို စဥ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက်ရှိပါသည်။

ဇူလိုင်လ ၁၇ ရက်နေ့က KBZ Learning Academy တွင် ကမ္ဘောဇဘဏ်၏ မသန်စွမ်းဝန်ထမ်းများအတွက် အထူးရေးဆွဲထားသော လုပ်ငန်းခွင်စွမ်းရည်မြှင့် သင်တန်းအစီအစဥ်နှင့် ပတ်သက်ပြီး မသန်စွမ်းဝန်ထမ်းများသို့ ဖိတ်ခေါ်၍ ရှင်းလင်းပြောကြားခဲ့ပါသည်။
အဆိုပါသင်တန်းတွင် လုပ်ငန်းခွင်အတွင်း လက်တွေ့အသုံးချနိုင်မည့် ဘာသာရပ်များဖြစ်သည့် Powerpoint Presentation အသုံးပြုပုံ၊ ဆက်သွယ်ပြောကြားရာတွင် အထောက်အကူဖြစ်စေမည့် Effective Communication Skill Training၊ စိတ်ဖိစီးမှုများကျော်လွှားနိုင်မည့် Stress Management Training နှင့် လုပ်ငန်းခွင်အတွင်း မရှိမဖြစ် လိုအပ်သည့် Basic English Training များ ပါဝင်မည် ဖြစ်သည်။

ကမ္ဘောဇဘဏ်၏ လူ့စွမ်းအားအရင်းအမြစ်ဌာနမှ တာဝန်ရှိသူများမှ အသေးစိတ်ရှင်းလင်းပြောကြားခဲ့ပြီး၊ မြန်မာနိုင်ငံတစ်ဝန်းရှိ ဘဏ်ခွဲများနှင့် ဌာနအသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် မသန်စွမ်းဝန်ထမ်းများ တက်ရောက်ခဲ့ပါသည်။

ဤသို့ မသန်စွမ်းဝန်ထမ်းများအတွက် သင်ကြားရေးအခွင့်အလမ်းများကို ပံ့ပိုးပေးခြင်းဖြင့် စိတ်ခံစားမှုဆိုင်ရာဉာဏ်ပညာ (Emotional Intelligence) ပိုမိုရင့်သန်လာကာ လုပ်ငန်းခွင်အတွင်း ယုံကြည်မှုရှိလာစေပြီး၊ ကမ္ဘောဇဘဏ်၏ အားလုံးပါဝင်သည့် လုပ်ငန်းခွင် (Inclusive work environment) ကို ဆက်လက် ဖော်ဆောင်မည်ဟူသည့် ခိုင်မာသော ကတိကဝတ်ကိုလည်း ထင်ဟပ်စေပါသည်။
(ဓာတ်ပုံများအား ခွင့်ပြုချက်ဖြင့် ရိုက်ကူးဖော်ပြပါသည်။)
#KBZBank #DiversityAndInclusion #EmployeesWithDisabilities