ငလျင်ဘေးဒဏ်သင့် ပြည်သူများအတွက်  ကမ္ဘောဇ ကယ်ဆယ်ကူညီထောက်ပံ့ရေး စင်တာ (မန္တလေး)ကို စတင်ဖွင့်လှစ်ခြင်း

ကမ္ဘောဇဖောင်ဒေးရှင်းသည် သဘာဝဘေးအန္တရာယ်များကြုံတွေ့သည့် အချိန်တိုင်း လိုအပ်သည့် ကယ်ဆယ်ကူ ညီမှုများကို အချိန်နှင့်တပြေးညီဆောင်ရွက်လာခဲ့ရာ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း ၌ အင်အား ၇.၇ မဂ္ဂနီကျုဖြင့် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးအပြီးတွင် ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ငွေကျပ် (၁၅) ဘီလီယံကို ကနဦးလှူဒါန်းခဲ့ပြီး၊ ရေရှည်ကူညီနိုင်ရန် KBZ Center Mandalay အတွက် ငွေကျပ် (၃၀) ဘီလီယံ၊ စုစုပေါင်း ငွေကျပ် (၄၅) ဘီလီယံကို မတည်လှူဒါန်းထားရာ KBZ Center Mandalay ကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့တွင် စတင်ဖွင့်လှစ်လိုက်ပြီ ဖြစ်ပါသည်။

ဖွင့်ပွဲတွင် မန္တလေးမြို့ရှိ ပြိုကျပျက်စီးခဲ့သည့် ဘုန်းတော်ကြီးကျောင်း နှင့် သီလရှင်ကျောင်း (၁၉) ကျောင်း အပါ အဝင် ဘာသာရေး အဆောက်အဦ (၂၅) လုံးအတွက် ဘိလပ်မြေအိတ် (၆,၇၀၀) နှင့် ငလျင်ဘေးထိခိုက်ခံစား ခဲ့ရသော ပြည်သူများအတွက် ဆန်အိတ် (၈၇၀) အိတ်ကိုလှူဒါန်းခဲ့ပါသည်။ ထို့နောက် KBZ Center Mandalay တည်ဆောက်ရေးအတွက် အဘက်ဘက်မှ ပါဝင်အားဖြည့်လှူဒါန်းခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်း များ ပေးအပ် ခဲ့ပြီး တက်ရောက်လာသော ဧည့်သည့်တော်များအား KBZ Center Mandalay အတွင်း လိုက်လံ ပြသခဲ့ပါ သည်။

သဘာဝဘေးဒဏ်ကို ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် နှစ်ရှည် စီမံချက်ဖြင့် အနည်းဆုံး (၁) နှစ်မှ (၅)နှစ် အထိ ကယ်ဆယ်ကူညီထောက်ပံ့ပေးနိုင်မည့်  KBZ Center Mandalay ကို ဧရိယာ ၁၆ ဧကခန့် ကျယ်ဝန်းသည့် (၇၃) လမ်းနှင့် (၁၁၀)လမ်း (မနော်ဟရီလမ်းထောင့်)၊ ချမ်းမြသာစည်မြို့နယ်၊  မန္တလေးမြို့တွင် တည်ဆောက်ထားပါသည်။ KBZ Center Mandalay တွင် ကနဦးအနေဖြင့် ငလျင်ဒဏ်သင့်ပြည်သူများအတွက် စိတ်ကျန်းမာရေးအပါအဝင် လူနာ ၇၀၀ ခန့် နေ့စဉ် အခမဲ့ ကုသနိုင်သည့် ဆေးကုသခန်းများ၊ Call Center မှတဆင့် အကူအညီတောင်းခံနိုင်မည့်ထောက်ပံ့လှူဒါန်းရေးစင်တာ၊ ထမင်းစားဆောင်၊ သောက်ရေသန့်နှင့် သုံးရေ အခမဲ့ ဖြန့်ဖြူးပေးခြင်း၊  အခမဲ့ အသုံးပြုနိုင်မည့် ရေချိုးခန်း၊ အိမ်သာနှင့် အဝတ်လျှော်စက်များနှင့် LPG Gas မီးဖိုဆောင်များ အစရှိသည့် ဝန်ဆောင်မှုများ ပေးသွားမည့်အပြင် သဘာဝဘေး ကယ်ဆယ်ရေး သင်တန်းများ ပို့ချနိုင်မည့် ဘက်စုံသုံး ခန်းမများ (Multi Purpose Rooms) များလည်း ပါရှိပါ သည်။ 

ထို့အပြင် KBZ Center Mandalay တွင် ငလျင်ဘေးသင့် ပြည်သူများ အိမ်ယာအမြန်ဆုံး ပြန်လည် တည်ဆောက်နိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ပြန်လည်လည်ပတ်နိုင်ရန် ကမ္ဘောဇဘဏ်၏ သီးသန့် Home Loan အထူးချေးငွေဌာန (နှစ်ရှည်)၊ အထူးချေးငွေဌာန (SME အလျင်အမြန်)နှင့် Corporate Loan ထုတ်ချေးမှုတို့ တပါတည်း ထည့်သွင်းထားပါသည်။ Center တွင် ဘဏ်ဝန်ဆောင်မှုများကို အမြန်ဆုံး နှင့်အထိရောက်ဆုံး ပေးအပ်နိုင်စေရန် ကောင်တာများဖွင့်၍ ဆွေးနွေးပေးခြင်း၊ လျှောက်လွှာလက်ခံပြီး လုပ်ထုံး လုပ်နည်းများနှင့် အညီ စီစစ်၍ ဘဏ်ခွဲများမှ တဆင့် ချေးငွေများ အမြန်ထုတ်ချေးပေးသွားမည်ဖြစ်ပါသည်

ထို့အပြင် ငလျင်ဘေးသင့် ပြည်သူများအတွက် KBZPay Center၊ KBZMS General Insurance၊ KBZ Life Insurance တို့မှလည်း စင်တာတွင် ဝန်ဆောင်မှုများ ပေးအပ်သွားမည် ဖြစ်ပါသည်။