မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ နိုင်ငံအတွင်း၌ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်ပိုမို ဖွံ့ဖြိုးတိုးတက်လာစေရေး‌အတွက် ဆောင်ရွက်ချက်များ

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် နိုင်ငံအတွင်းရှိ ဒီဂျစ်တယ်လ်ငွေပေးချေမှုဆိုင်ရာ ဝန်ဆောင်မှုများကို ပံ့ပိုးပေးနေသည့် Payment Service Provider များ၏ လုပ်ငန်းဆောင် ရွက်မှုဆိုင်ရာအခြေခံအုတ်မြစ် (Platform) များ ခိုင်မာတောင့်တင်းမှုရှိစေရန်၊ လုံခြုံစိတ်ချရ သည့် ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ် ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် အများပြည်သူအကြား ငွေသားကိုင်တွယ်အသုံးပြုမှုများကို လျှော့ချနိုင် ရန်တို့အတွက် ဆောင်ရွက်လျက်ရှိပါသည်။

     နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ငွေရေးကြေးရေးဆောင်ရွက်ချက်များ များပြားလာစေရန် ဘဏ်များသို့ ဒီဂျစ်တယ်လ်ဘဏ်လုပ်ငန်း၊ အင်တာနက်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊ မိုဘိုင်းလ်ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများကို ဆောင်ရွက်ခွင့်ပြု ထားပါသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလတွင် QR Code Payment အတွက် National Standard (MMQR) သတ်မှတ်နိုင်ရန်  Technical Specification Version 1.0 ကို ချမှတ်ခဲ့ပါသည်။ MMQR Specification Version 1.0 ကို  နိုင်ငံအတွင်းရှိ ငွေရေးကြေးရေး အဖွဲ့အစည်းများအကြား ပေးချေမှုနှင့်စာရင်းရှင်းလင်းမှုများကို အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်း (Interoperability) ကို ပြုလုပ်နိုင် ရန်နှင့် ထိုမှတစ်ဆင့် ပြည်ပရှိငွေရေးကြေးရေးလုပ်ငန်းများနှင့် နိုင်ငံဖြတ်ကျော်အပြန်အလှန်ချိတ်ဆက်ဆောင်ရွက်ခြင်း  (Cross-border Interoperability) ကို ပြုလုပ်နိုင်မည့် QR Code ကိုသတ်မှတ်နိုင်ရန်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဘဏ်နှင့် အများပြည်သူများအကြား ဒီဂျစ်တယ်လ်နည်းလမ်းဖြင့်  ပမာဏနည်းသောလက်လီ(Retail) ငွေပေးချေမှုများအားကောင်းလာစေရန် ရောင်းချသူကိုယ်စား ငွေကောက်ခံ ရှင်းလင်းသည့် ဝန် ဆောင်မှု (Merchant Acquiring Service) လုပ်ငန်းများကိုလည်း စနစ်တကျစိစစ်၍ ခွင့်ပြု ဆောင်ရွက်စေလျက်ရှိပါသည်။

       အမျိုးသားငွေပေးချေမှုမဟာဗျူဟာ (၂၀၂၀-၂၀၂၅) ပါ ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်စေရေးအတွက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်အပါအဝင် အခြားသက်ဆိုင်ရာ ဝန်ကြီးဌာနများမှအဖွဲ့ဝင်များပါဝင်သည့် နိုင်ငံတော်ငွေပေးချေမှုစနစ်ကြီးကြပ်မှုကော်မတီကို ဖွဲ့စည်း ပြီး ညှိနှိုင်းဆောင်ရွက်မှုများကို လုပ်ဆောင်လျက်ရှိပါသည်။

       နိုင်ငံအတွင်း ဒီဂျစ်တယ်လ်ပေးချေမှုများဖွံ့ဖြိုးတိုးတက်လာစေရေးဆောင်ရွက်ချက်များကြောင့် ၂၀၂၂ ခုနှစ်တွင်  အင်တာနက်ဘဏ်လုပ် ငန်း၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်း၊  မိုဘိုင်းလ် ပေးနှင့် မိုဘိုင်းလ်ငွေရေးကြေးရေးဝန်ဆောင်မှုလုပ်ငန်းများ၏ လုပ်ငန်းဆောင်ရွက်မှုတန်ဖိုးသည် ကျပ် ၃၁,၆၆၆ ဘီလီယံရှိခဲ့ရာ ၊ ၂၀၂၁ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၄၇ ရာခိုင်နှုန်း မြင့်တက်ခဲ့ပါသည်။

      ထို့ပြင် နေပြည်တော်အား ဒီဂျစ်တယ်လ်မြို့တော် (Digital City) အဖြစ် မြှင့်တင်နိုင်ရေးအတွက် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ဘဏ်များ၊ မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်းများကို လိုအပ်သည့် လမ်းညွှန်မှုများပြုလုပ်ဆောင်ရွက်လျက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ မေလမှစတင်၍ နေပြည်တော်ဝန်ကြီးဌာနများရှိ အရာထမ်း၊ အမှုထမ်းများ၏ လစာများကို ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ပံ့ပိုးပေးနိုင်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါသည်။

     ဒီဂျစ်တယ်လ်နည်းလမ်းဖြင့် ငွေရေးကြေးရေးဆောင်ရွက်မှုများ တိုးတက်များပြားလာသည်နှင့်အတူ နိုင်ငံ၏စီးပွားရေးစနစ်အတွင်း လှည့်လည်သုံးစွဲငွေ(Currency in Circulation-CIC) များလျော့နည်းကျဆင်းခဲ့ရာ ၂၀၂၁ ခုနှစ်တွင် CIC တိုးတက်မှုနှုန်းသည် ၄၈ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၂၂ ခုနှစ်တွင် ၂၉ ရာခိုင်နှုန်းသို့လည်းကောင်း၊ ၂၀၂၃ ခုနှစ် (မေလအထိ)တွင် ၁၁ ရာခိုင်နှုန်းသို့လည်းကောင်း အသီးသီး ကျဆင်း လာခဲ့ပါသည်။

        မြန်မာနိုင်ငံတော်ဗဟိုဘဏ်အနေဖြင့် နိုင်ငံအတွင်း ငွေသားကိုင်တွယ်သုံးစွဲမှုများ လျော့ကျလာစေရေး၊ ဒီဂျစ်တယ်လ်ငွေပေးချေမှုစနစ်များ နှင့် စပ်လျဉ်း၍ အများပြည်သူများပိုမို သိရှိနားလည်လာစေရေးနှင့် ငွေပေးချေမှုစနစ်ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး၊ နိုင်ငံ၏ စီးပွားရေး တိုးတက်မှု ကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရေးတို့အတွက် လိုအပ်သည်များကို  ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။