ကမ္ဘောဇဘဏ်၏ အမှုဆောင် အရာရှိချုပ်အဖြစ် အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်ကို ရွေးချယ်ခန့်အပ်၊

Mr. Mike DeNoma အနေဖြင့် (၆၆) နှစ်မြောက်မွေးနေ့တွင် တာဝန်များမှ အနားယူမည်

ဧပြီလ ၆၊ ၂၀၂၂၊ ရန်ကုန် – ကမ္ဘောဇဘဏ်တွင် အမှုဆောင် အရာရှိချုပ်အဖြစ် ၅ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သော Mr. Mike DeNoma သည် ဧပြီလ ၂၀၂၂တွင် ကျရောက်မည့် သူ၏ ၆၆ နှစ်မြောက်မွေးနေ့တွင် လုပ်ငန်းတာဝန်များမှ အနားယူမည် ဖြစ်ပါသည်။

Mr. Mike DeNoma သည် ဒစ်ဂျစ်တယ် နည်းပညာများကို ဆန်းသစ်တီထွင်မှု နှင့် လူတိုင်း လက်လှမ်းမီနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှု လုပ်ငန်းများကို တိုးတက် အောင်မြင်စေရန်၊ ပြည်တွင်းမှ အတတ်ပညာရှင်များကို နောင်အနာဂတ်တွင် ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ခေါင်းဆောင်များအဖြစ် မွေးထုတ်ပေးရန် နှင့် အုပ်ချုပ်မှုဆိုင်ရာ Governance လုပ်ငန်းများကို နိုင်ငံတကာ အဆင့်မီစေရန် စသည့် ကမ္ဘောဇဘဏ်၏ အဓိကကျသော တိုးတက်ပြောင်းလဲမှု လုပ်ငန်းစဉ်များကို ဆောင်ရွက်ရာတွင် အလွန်အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ပါသည်။ 

Mr. Mike DeNoma ၏ အမှုဆောင် အရာရှိချုပ် တာဝန်ကို ကမ္ဘောဇဘဏ်၏ အကြီးတန်းအုပ်ချုပ်မှု ဒါရိုက်တာ ဦးဇော်လင်းအောင်မှ လက်ဆင့်ကမ်း ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ဦးဇော်လင်းအောင်သည် KBZPay အား စတင်အကောင်အထည် ဖော်ရာတွင် ဦးဆောင်ပေးခဲ့သူတစ်ဦး ဖြစ်ပြီး ဘဏ်၏ ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ်များနှင့် ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များတွင် အဓိကကျသည့် နေရာ၌ ပါဝင်ဆောင်ရွက်ခဲ့သူတစ်ဦး ဖြစ်ပါသည်။

ဦးဇော်လင်းအောင်အား  ရှယ်ယာရှင်‌‌များ၊ ဘုတ်အဖွဲ့ဝင် ဒါရိုက်တာများ၊ ဥက္ကဋ္ဌဦးမြသန်းနှင့် ပြည်တွင်းမှ ဘဏ်လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်ပညာရှင် ခေါင်းဆောင်များကလည်း အပြည့်အဝ ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။ Mr. Mike DeNoma အနေဖြင့်လည်း တာဝန်လွှဲပြောင်းမှု လုပ်ငန်းစဉ်များ ချောမွေ့စေရန်အတွက် လက်ဆင့်ကမ်း တာဝန်ထမ်းဆောင်သွားမည့် အဖွဲ့ဝင်များကို ဆက်လက် ပံ့ပိုးကူညီပေးသွားမည် ဖြစ်ပါသည်။

ရာထူးလွှဲပြောင်းမှု အစီအစဉ်အရ ကမ္ဘောဇဘဏ်၏ လက်ရှိ ဒုတိယအမှုဆောင် အရာရှိချုပ်များသည် ရာထူးနေရာသစ်များတွင် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပါသည်။ ဦးအောင်ကျော်မျိုးက ဘုတ်အဖွဲ့၏ ဒုဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်သွားမည် ဖြစ်ပြီး၊ ဒေါ်နန်းခမ်းနောင့်သည် ဘုတ်အဖွဲ့ဝင် အဖြစ် ဘဏ်၏ မဟာဗျူဟာ လမ်းစဉ်များကို ဆက်လက် တာဝန်ယူ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

အမှုဆောင် အရာရှိချုပ်တာဝန်မှ မကြာမီ အနားယူတော့မည့် Mr. Mike DeNoma  က  “လွန်ခဲ့တဲ့ ၅ နှစ်အတွင်းမှာ အခုလိုမျိုး ကျွမ်းကျင်ထူးချွန်ပြီး အားသွန်ခွန်စိုက် ကြိုးစားတဲ့ အဖွဲ့နဲ့ လက်တွဲဆောင်ရွက်ခွင့်ရခဲ့တဲ့ အတွက် ဂုဏ်ယူမိပါတယ်။ ကျွန်တော် ကမ္ဘောဇဘဏ်ကို စတင်ဝင်ရောက်လာတဲ့ ၂၀၁၇ ခုနှစ်မှာ ဘဏ်ကို တိုးတက် ပြောင်းလဲစေဖို့နဲ့ ပြည်တွင်းက ဝန်ထမ်းတွေကို အနာဂတ် ဘဏ်လုပ်ငန်းပညာရှင် ခေါင်းဆောင်တွေ ဖြစ်လာစေဖို့ ဦးတည်ချက်တွေနဲ့ ဝင်ရောက်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာလည်း ဝန်ထမ်းဦးရေ ၂၀၀ ကျော်ကို ရာထူးတိုးမြှင့် ပေးအပ်ခဲ့တာကို ကြည့်ခြင်းအားဖြင့် အနာဂတ် လုပ်ငန်းတာဝန်တွေ လက်ဆင့်ကမ်းပေးဖို့ အချိန် ရောက်ရှိလာပါပြီ။ ကျွန်တော် တာဝန်ယူဆောင်ရွက်ခဲ့တဲ့ ကာလတလျှောက်မှာ
ဦးဇော်လင်းအောင်နဲ့ အနီးကပ် အလုပ်လုပ်ခဲ့တဲ့အတွက် သူ့ရဲ့အမြင်၊ အနာဂတ်ရှေးရှုမှုနဲ့ ဝန်ဆောင်မှု အကောင်းဆုံး ပေးအပ်နိုင်ဖို့ ရည်သန်ထားစိတ်ကြောင့် ကမ္ဘောဇဘဏ်ရဲ့ အနာဂတ်ခရီးစဉ်ကို ပဲ့ကိုင်ပေးဖို့ အသင့်တော်ဆုံး ပုဂ္ဂိုလ်တစ်ဦးလည်း ဖြစ်ပါတယ်” ဟု သူ၏ တာဝန်လွှဲပြောင်းမှု အကြောင်းကို ပြောကြားခဲ့သည်။

“ပြုပြင်ပြောင်းလဲမှုလုပ်ငန်းစဉ်တွေကြောင့် ကျွန်တော်တို့ ဘဏ်ကို အသုံးပြုသူများအတွက် အကျိုးပြုစေမယ့် ဝန်ဆောင်မှုများကို ပေးအပ်နိင်ခဲ့ပါတယ်။ ဝန်ထမ်းများကို ဘဏ်လုပ်ငန်း အထူးကျွမ်းကျင်သည့်  ပညာရှင်များအဖြစ် အဆင့်မြှင့်တင်နိုင်ခဲ့တဲ့အတွက် လူတိုင်းလက်လှမ်းမီနိုင်တဲ့ ဘဏ်ဝန်ဆောင်မှုကို သမားရိုးကျ ဘဏ္ဍာရေးလုပ်ငန်းတစ်ခုထက် ပိုမိုပေးအပ်နိုင်ခဲ့ပါတယ်။ Cash Account အသစ်ဖွင့်လှစ်မှုတွင်လည်း မကြာသေးမှီက မြန်မာကျပ်ငွေ ၁ ထရီလီယံ ကျော်ကို ထပ်တိုးရရှိခဲ့ပါတယ်။ မိုဘိုင်းပိုက်ဆံအိတ်လုပ်ငန်း ကဏ္ဍမှာ KBZPay ကနေ ငွေလွှဲပြောင်းမှုဟာ မတ်လအတွင်း transaction ၅၈ သန်းကျော်၊ နဲ့ စုစုပေါင်းငွေကျပ် ၄.၃ ထရီလီယံကျော် အထိ customer များအတွက် ငွေလွှဲ ဝန်ဆောင်မှု ပေးအပ်နိုင်ခဲ့ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် ဒစ်ဂျစ်တယ် ငွေပေးချေစနစ်ကို အသုံးပြုသူတွေ အနေနဲ့ ပိုမိုရင်းနှီးကျွမ်းဝင်လာတာ တွေ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ ဆက်လက်ကြိုးစားသွားစရာတွေလည်း အများကြီးရှိပါသေးတယ်။ အရွယ်ရောက်ပြီးသူ ၃ ဦးမှာ ၁ ဦးက KBZPay ကို download လုပ်ပြီး အသုံးပြုနေတဲ့အတွက် ကမ္ဘောဇဘဏ် အနေနဲ့ သူရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံတွင်း ဘဏ္ဍာရေးဝန်ဆောင်မှုကို လူတိုင်းရာနှုန်းပြည့် လက်လှမ်းမီနိုင်ရေး ရည်မှန်းချက်ကို အောင်မြင်အောင် ဖော်ဆောင်နိုင်မယ့် လမ်းကြောင်းပေါ်မှာ ရောက်ရှိနေပြီလို့ ဆိုနိုင်ပါတယ်” ဟု
Mr. Mike DeNoma က ဆက်လက်ပြောကြားခဲ့ပါသည်။ အမှုဆောင်အရာရှိချုပ် နေရာကို လွှဲပြောင်းတာဝန်ယူ သွားမည့် ဦးဇော်လင်းအောင်မှ “ကမ္ဘောဇဘဏ်မှာ တာဝန် ထမ်းဆောင်ခဲ့တဲ့ (၇)နှစ်ကျော် ကာလအတွင်း ဘဏ်လုပ်ငန်း ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေမှာ  ကိုယ်တိုင်ကိုယ်ကျပါဝင်ဆောင်ရွက်ခဲ့သလို၊​ အောင်မြင်မှု အသီးအပွင့်များကိုလည်း ကိုယ်တိုင်တွေ့မြင်ခဲ့ရပါတယ်။။ ကျွန်တော်တို့ရဲ့ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုများကို KBZPay ကနေတဆင့် အားစိုက်ကြိုးပမ်းမှုတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ၉သန်းကျော် သုံးစွဲသူတွေထံ ပေးအပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ အမှုဆောင်အရာရှိချုပ်နေရာကို လက်ဆင့်ကမ်း တာဝန် ထမ်းဆောင်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိပြီး ကျွန်တော်တို့ Customer တွေရဲ့ လိုအပ်ချက်၊ လိုအင်ဆန္ဒတွေကို အချိန်နဲ့တပြေးညီ သိရှိအောင်လုပ်ဆောင်ပြီး Customer တွေနဲ့ ကိုက်ညီမယ့် အကောင်းဆုံး ဝန်ဆောင်မှုများ ပေးသွားဖို့ဆက်လက်ကြိုးစားသွားပါမယ်။ ဒါ့အပြင် စီမံအုပ်ချုပ်မှုပိုင်း Governance နဲ့  ပြုပြင်ပြောင်းလဲရေးလုပ်ငန်းများကို ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Profile of CEO U Zaw Lin Aung