Dai-ichi Life Insurance Myanmar မှKBZ Bank နှင့်ပူးပေါင်း၍Bancassurance ဝန်ဆောင်မှုများကိုကမ္ဘောဇဘဏ်ခွဲများနှင့်KBZPay စင်တာများတွင်ရရှိနိုင်တော့မည်ဖြစ်ပြီးယခုပူးပေါင်းဆောင်ရွက်မှုမှကမ္ဘောဇဘဏ်ဝန်ဆောင်မှုသုံးစွဲသူများအတွက်ဘက်ပေါင်းစုံမှကာကွယ်ပေးနိုင်သည့်အသက်အာမခံဝန်ဆောင်မှုများကိုပေးနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့၊ မေလ ၁၈ရက် ၂၀၂၃ ခုနှစ် – ဂျပန်နိုင်ငံ၏ ထိပ်တန်းအသက်အာမခံကုမ္ပဏီတစ်ခုဖြစ်သော Dai-ichi Life Group ၏ ကုမ္ပဏီခွဲတစ်ခုဖြစ်သည့် Dai-ichi Life Insurance Myanmar Ltd. (“Dai-ichi Life”) မှ ကမ္ဘောဇဘဏ်လီမိတက် (KBZ Bank) နှင့် ပူးပေါင်း၍ Bancassurance Partnership ကို စတင်လိုက်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှ သုံးစွဲသူများ၏ လိုအပ်ချက်များနှင့် ကိုက်ညီအောင် ပြင်ဆင်ထားသည့် အသက်အာမခံ ဝန်ဆောင်မှုများကို KBZ ဘဏ်ဝန်ဆောင်မှု သုံးစွဲသူများထံသို့ ၎င်းတို့ချစ်ခင်ရသူများ အား ကာကွယ်ပေးနိုင်ရန် နှင့် အနာဂတ်အတွက် ငွေကြေးစုဆောင်းနိုင်ရန် ရည်ရွယ်ပါသည်။

Dai-ichi Life သည် ယခု Bancassurance Partnership မှတဆင့် ငွေကြေးဆိုင်ရာ အကာအကွယ် ကို ပေးအပ်ရုံသာမက မြန်မာပြည်သူများ၏ အသက်အာမခံနှင့်ပတ်သက်သည့် ဗဟုသုတများ ကို ကျယ်ကျယ်ပြန့်ပြန့် သတိပြုမိလာစေရန်၊ ငွေကြေးအကာအကွယ်နှင့် ငွေကြေးစုဆောင်းခြင်းတို့ကို သိရှိနားလည်လာစေရန် ရည်ရွယ်ပါသည်။ ယခုပူးပေါင်းဆောင်ရွက်မှုမှ တဆင့် Dai-ichi Life Group ၏ နှစ်ပေါင်း (၁၂၀)ကျော် သက်တမ်းရှိ အသက်အာမခံလုပ်ငန်းအတွေ့အကြုံ နှင့် မြန်မာနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကဘဏ်များအနက် တစ်ခုဖြစ်သည့် ကမ္ဘောဇဘဏ်၏ ခိုင်မာသည့် လုပ်ငန်းကျွမ်းကျင်မှုနှင့် ကျယ်ပြန့်သည့် သုံးစွဲသူကွန်ယက် စသည့်ကုမ္ပဏီနှစ်ခု၏ အားသာချက်များကို ပိုမိုအင်အားကြီးမားလာစေမည် ဖြစ်သည်။ ယခုအခါတွင် Dai-ichi Life ၏ အသက်အာမခံဝန်ဆောင်မှုများကို ရန်ကုန်မြို့ရှိ ကမ္ဘောဇဘဏ်ခွဲများနှင့် KBZPay စင်တာများတွင် ယနေ့မှစတင်ကာ ရရှိနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတစ်ဝှမ်းတွင်လည်း  ဝန်ဆောင်မှုများကို ဆက်လက်တိုးချဲ့ကာ ပေးအပ်သွားမည်ဖြစ်သည်။

“ခိုင်မာတဲ့ သုံးစွဲသူကွန်ယက်နဲ့အတူ မြန်မာနိုင်ငံမှာ အကြီးဆုံးဘဏ်တစ်ခုလည်းဖြစ်တဲ့ ကမ္ဘောဇဘဏ်နဲ့ အခုလို ပူးပေါင်းဆောင်ရွက်ခွင့် ရတဲ့အတွက်လည်း ကျွန်မအနေနဲ့ တကယ့်ကိုဂုဏ်ယူမိပါတယ်။ ဒီ Strategic Partnership က ကျွန်မတို့ Dai-ichi Life Group ရဲ့ People First ဆိုတဲ့ဆောင်ပုဒ်ရဲ့ ရည်ရွယ်ချက် ကို အကောင်အထည်ဖော်ရန်အတွက် Dai-ichi Life ရဲ့ အသက်အာမခံ ဝန်ဆောင်မှုရောက်ရှိနိုင်သည့် နယ်ပယ်ကို ပိုမိုကျယ်ပြန့်စေမှာဖြစ်တဲ့အတွက် မြန်မာပြည်သူတွေဆီကို ရေရှည်ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေကို သာမက စိတ်အေးချမ်းသာမှုကိုပါ ပေးနိုင်မယ်လို့ ကျွန်မမျှော်လင့်ပါတယ်။” ဟု Dai-ichi Life Insurance Myanmar ၏ အမှုဆောင်အရာရှိချုပ် ဒေါ်ဇာခြည်တင်က ပြောကြားခဲ့ပါသည်။

“အခု Bancassurance ဆိုင်ရာပူးပေါင်းဆောင်ရွက်မှု က ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပိုမိုလက်လှမ်းမီနိုင်စေရန် ဆောင်ရွက်ပေးခြင်းဖြင့်  မြန်မာနိုင်ငံရှိပြည်သူများရဲ့ လူနေမှုဘဝအရည်အသွေးကို မြှင့်တင်ပေးမယ်ဆိုတဲ့ ကျွန်တော်တို့ ကမ္ဘောဇဘဏ်ရဲ့ ရည်ရွယ်ချက်နဲ့လည်း ကိုက်ညီသလို လူတွေရဲ့ စိတ်အေးချမ်းသာမှုနဲ့  ကျန်းမာရေးကို စောင့်ရှောက်ပေးမယ်ဆိုတဲ့ Dai-ichi Life ရဲ့ ခံယူချက်နဲ့လည်း ထပ်တူကျပါတယ်။ ကျွန်တော်တို့အနေနဲ့  လုပ်ငန်းကျွမ်းကျင်မှုနှင့် အင်အားတွေကို ပေါင်းစပ်ပြီး တိုးတက်ပြောင်းလဲနေတဲ့ customer  တွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်မယ့်  ငွေကြေးဆိုင်ရာ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုပေးရန် ရည်ရွယ်ပါတယ်။ ဒီပူးပေါင်းဆောင်ရွက်မှုကနေပြီး မြန်မာနိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဘဏ်ခွဲပေါင်း (၅၀၀) နဲ့ ဒစ်ဂျစ်တယ် ချန်နယ်များကတစ်ဆင့် ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို အသုံးပြုနေတဲ့ customer တွေအတွက် ဘက်ပေါင်းစုံမှ အကာအကွယ်ပေးနိုင်မယ့် ငွေကြေးဆိုင်ရာ စီမံခန့်ခွဲခြင်း အတွေ့အကြုံတွေကို ဖန်တီးပေးနိုင်မယ့် ထိပ်တန်းအသက်အာမခံနှင့် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုတွေကို ဖြည့်ဆည်းပေးနိုင်ရန် ရည်ရွယ်ထားပါတယ်။ ကျွန်တော်တို့ ကုမ္ပဏီနှစ်ခုရဲ့ စုပေါင်းအင်အားကို အသုံးပြုပြီး နိုင်ငံအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ဝန်ဆောင်မှုပေးနိုင်အောင် ဆောင်ရွက်ခြင်းဖြင့် ကျွန်တော်တို့ရဲ့  customer တွေနဲ့ လုပ်ငန်းဆက်စပ်သူတွေကို အကျိုးရှိစေမယ့် ပိုမိုတောင့်တင်းခိုင်မာတဲ့ ငွေကြေးဆိုင်ရာဝန်ဆောင်မှု ကို ကျွန်တော်တို့အတူတကွ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြင့်ဖန်တီးနိုင်လိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။” ဟု ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် ဦးဇော်လင်းအောင်က ပြောကြားခဲ့ပါသည်။

Dai-ichi Life Insurance Myanmar အကြောင်း

Dai-ichi Life Insurance Myanmar Ltd. သည် ၁၉၀၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သော ယခုအခါ သက်တမ်း (၁၂၀) နှစ်ကျော်ရှိပြီဖြစ်သည့် ဂျပန်နိုင်ငံ၏ထိပ်တန်း အသက်အာမခံ ကုမ္ပဏီ Dai-ichi Life Group မှ မြန်မာနိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုများကို ပေးရန် ဖွင့်လှစ်ပေးထားသော ကုမ္ပဏီခွဲတစ်ခု ဖြစ်ပါသည်။

Dai-ichi Life Group သည် ဂျပန်နိုင်ငံတွင် အသက်အာမခံဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများနှင့် Asset Management ကုမ္ပဏီများ အပြင် မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံပေါင်း (၁၀) နိုင်ငံတွင် “People First” ဆောင်ပုဒ်နှင့်အညီ Customer များနှင့် ၎င်းတို့၏မိသားစုဝင်များ၏ အနာဂတ်အတွက် အာမခံချက်ရှိသည့် ငွေကြေးအကာအကွယ်များ ရယူနိုင်ရန်အတွက် ဝန်ဆောင်မှုပေးလျက်ရှိပါသည်။ Dai-ichi Life Group အနေဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၃၈) ဘီလီယံနှင့် အာမခံပရီမီယံငွေနှင့်အခြားဝင်ငွေ မှာ အမေရိကန်ဒေါ်လာ (၄၃) ဘီလီယံကို ပိုင်ဆိုင်ထားပါသည်။ (မတ်လ၊ ၁၃ ရက်၊ ၂၀၂၂ခုနှစ် ၏ ဘဏ္ဍာရေးဆိုင်ရာ အချက်အလက်များအရ)

“ထာဝရသင်နှင့်အတူ” ဆိုသည့် ချမှတ်ထားသော ဆောင်ပုဒ်နှင့်အညီ Dai-ichi Life Group ကို တည်ထောင်သူ သည် ယင်းဆောင်ပုဒ်၏ တွန်းအားပေးလမ်းညွှန်ချက်များအဖြစ် အကောင်းဆုံးနှင့် ဆန်းသစ်တီထွင်မှုအရှိဆုံး ဝန်ဆောင်မှုများကို ပေးနိုင်ရမည် ဟူသောခံယူချက်များဖြင့် တည်ထောင်ထားပါသည်။ ထိုလမ်းညွှန်မှုများနှင့် အညီ Dai-ichi Life Group ၏ ဝန်ထမ်းပေါင်း (၆၂,၀၀၀) ကျော်တို့သည် မိမိတို့၏ စွမ်းဆောင်ရည်များကို အကောင်းဆုံး အသုံးချပြီး ကမ္ဘာအရပ်ရပ်တွင် ဝန်ဆောင်မှုများပေးအပ်လျက် ရှိပါသည်။

ကမ္ဘောဇဘဏ်လီမိတက်  အကြောင်း

ကမ္ဘောဇဘဏ်သည် မြန်မာနိုင်ငံတစ်ဝန်း ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ကိုဖွင့်လှစ်ထားသည့် အကြီးဆုံး ပုဂ္ဂလိက ဘဏ်ဖြစ်ပါသည်။ မြန်မာနိုင်ငံအတွင်း အကျယ်ပြန့်ဆုံးသော ဒစ်ဂျစ်တယ်နှင့် လက်လီဘဏ်လုပ်ငန်းဝန်ဆောင်မှု အသုံးပြုသူ ကွန်ယက်အပေါ် အခြေပြုပြီး ဘဏ်လုပ်ငန်းစနစ်မှတစ်ဆင့် မြန်မာပြည်သူများ၏လူနေမှုဘဝ အဆင့်အတန်းများ မြင့်မားတိုးတက် လာစေရန် ကမ္ဘောဇဘဏ်မှ အားသွန်ခွန်စိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။ ကမ္ဘောဇဘဏ်သည် နိုင်ငံတွင်းလူတိုင်းရာနှုန်းပြည့် ပါဝင်နိုင်သောဘဏ္ဍာရေးကဏ္ဍကို ဖော်ဆောင်ရန်နှင့် ၂၀၂၄ ခုနှစ်တွင် အရှေ့ တောင်အာရှနိုင်ငံများတွင် ဘဏ်ဝန်ဆောင်မှုလုပ်ငန်း၌ ဦးဆောင်ဘဏ် ဖြစ်စေရန်ဟူသည့် ပူးတွဲမျှော်မှန်းချက်ပန်းတိုင်သို့ရောက်ရှိစေရန် ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာစေရေး အတွက် အစဉ်တစ်စိုက်ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ 

ထိုမျှသာမက customer များ၏လိုအပ်ချက်များကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ရန်အတွက် ဆန်းသစ်တီထွင်မှု ရှိသော ဘဏ်လုပ်ငန်းထုတ်ကုန်များဖြင့် ဝန်ဆောင်မှုပေးလျက်ရှိပြီး မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ် စီးပွားရေးကဏ္ဍကို ဦးဆောင်လျက်ရှိပါသည်။ မြန်မာနိုင်ငံအတွင်းအလျင်မြန်ဆုံးသောနှုန်းဖြင့် ကြီးထွားတိုးတက် လာနေပြီး သုံးစွဲသူအရေအတွက် (၁၂) သန်းကျော် ရှိလာပြီဖြစ်သည့် KBZPay မိုဘိုင်း ပိုက်ဆံအိတ်မှတစ်ဆင့် ကမ္ဘောဇဘဏ်သည် ၎င်း၏ဘဏ်ဝန်ဆောင်မှုလုပ်ငန်းများကို ဘဏ်ခွဲများကို ကျော်လွန်၍လူမှုအသိုက်အဝန်း အသီးသီးထံသို့ ရောက်ရှိအောင်ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါသည်။

ကမ္ဘောဇဘဏ်ကို မြန်မာနိုင်ငံ၏အခိုင်မာဆုံးသောဘဏ်အဖြစ်  Asian Banker အဖွဲ့အစည်းမှ (၂) နှစ်ဆက်တိုက် အသိအမှတ်ပြုထားပါသည်။ နိုင်ငံတွင်း လူတိုင်းရာနှုန်းပြည့်ပါဝင်နိုင်သော ဘဏ္ဍာရေးကဏ္ဍကို ဖော်ဆောင်ရန်ဟူသည့် မျှော်မှန်းချက်ကို ပြီးမြောက်အောင်မြင်စေရန် အလေးပေးဆောင်ရွက်လျက်ရှိသည့် ကမ္ဘောဇဘဏ်သည် ဒစ်ဂျစ်တယ် ဘဏ်လုပ်ငန်းစနစ် ပိုမိုကြီးထွားကျယ်ပြန့်လာစေရန်ဆောင်ရွက်နေသည့်တစ်ချိန်တည်းမှာပင် မြန်မာပြည်သူများ၏ လူမှုဘဝများ ပိုမိုတိုးတက်ကောင်းမွန်လာစေရန်လည်း ကြိုးပမ်းဆောင်ရွက်နေပါသည်။ မတူကွဲပြားမှုများကို လေးစားခြင်း၊ အမျိုးသမီးများ၏စွမ်းဆောင်ရည် မြှင့်တင်ခြင်းများအပေါ် အလေးပေးဆောင်ရွက်နေခြင်းကြောင့် “၂၀၂၂ ခုနှစ် မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်ရည်မြှင့်တင်ခြင်းအတွက် အကောင်းဆုံးဘဏ် (Best Bank for Women Empowerment Myanmar 2022)” အဖြစ် Global Business Magazine က အသိအမှတ်ပြုခဲ့သလို Asian Business Review မှလည်း “E-Wallet နှင့် E-Commerce ဆိုင်ရာ အထူးချွန်ဆုံးသော နည်းပညာအသုံးပြုသည့်ဘဏ် (Technology Excellence for E-Wallet & E-Commerce)” အဖြစ် ကမ္ဘောဇဘဏ်ကို အသိအမှတ်ပြုထားပါသည်။ ဆန်းသစ်တီထွင်မှု၊ customer ဝန်ဆောင်မှုနှင့် လူမှုရပ်ဝန်းအပေါ် တာဝန်သိမှုများ နှင့်ပတ်သက်ပြီး အထူးအလေးပေးဆောင်ရွက်နေသည့် ကမ္ဘောဇဘဏ်သည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအတွက် လည်းကောင်း၊ စီးပွားရေးလုပ်ငန်းများကဲ့သို့ အဖွဲ့အစည်းများအတွက် လည်းကောင်း ယုံကြည်အားထားထိုက်သော ဘဏ်အဖြစ် ရပ်တည်လျက် ရှိပါသည်။

ကမ္ဘောဇဘဏ်နှင့်ပတ်သက်၍ ပိုမိုသိရှိလိုပါက www.kbzbank.com သို့ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း အသိပေး ဖော်ပြအပ်ပါသည်။